ကချင်လူထုကို သောကပေးနေတဲ့ ဖြစ်ရပ် နောက်ကွယ်က လက်မည်းကြီးများ

ကချင်လူထုကို သောကပေးနေတဲ့ ဖြစ်ရပ် နောက်ကွယ်က လက်မည်းကြီးများ

နိုဝင်ဘာ ၁၁

မြစ်ဆုံရွှေလုပ်ကွက်နောက်ကွယ်က လက်မည်းကြီးများ 

ဧရာဝတီမြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ နေ့စဥ် ရွှေတူးဖော်နေကြတာတွေကို တွင်တွင်ကျယ်ကျယ် ဆက်လက်လုပ်ဆောင်လာနေခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။            ဒီလိုသာ နေ့စဥ် စက်ယန္တရားကြီးတွေနဲ့ ဆက်ပြီးတော့ တူးဖော်နေဦးမယ်ဆို မြစ်ဆုံဒေသခံတွေက သဘာဝဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့လာနိုင်တာကြောင့် ဒေသခံတွေက စိုးရိမ်နေကြတာပါ။                                                                                                                  

            “အခုသူတို့ရဲ့လုပ်ရပ်လေးတွေက ကြောက်စရာကောင်းနေပါပြီ။တကယ်လို့ မိုးတွင်းမှာဒီဧရာဝတီမြစ်ကြီးရေကြီးတဲ့အခါဒါတွေအကုန်လုံးက နစ်မြုပ်နိုင်တယ်။အဲ့အခါကျရင်တော့ ကျနော်တို့မြစ်ဆုံဈေးတန်တွေလည်း ရှိတော့မှာမဟုတ်ဘူး” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက အခုလိုပြောပြပါတယ်။  

အခုအခါမှာတော့ မြစ်ဆုံရေကာတာစီမံကိန်းကြောင့်မဟုတ်ဘဲ ရွှေတွေကို စက်ကြီးတွေနဲ့ စည်းမဲ့ကမ်းမဲ့ တူးဖော်နေလို့ ကချင်ပြည်နယ်ရဲ့လှပတဲ့ Mali – N’mai  zup လို့ခေါ်တဲ့ မေခ - မလိခမြစ်ဆုံကြီးပျက်စီးသွားမှာကို မြစ်ဆုံဒေသခံတွေက အကြီးအကျယ် စိုးရိမ်နေကြတာဘဲ ဖြစ်ပါတယ်။ မေခ - မလိခမြစ်ကြီးပေါင်းဆုံတဲ့ မြစ်ဆုံကြီး ရပ်တန့်ပျက်စီးသွားမှာစိုးလို့ ကန့်ကွက်လာခဲ့ကြတဲ့သူတွေထဲမှာ မြစ်ဆုံရွာဒေသခံတွေက ထိပ်ဆုံးကနေ ကန့်ကွက်လာခဲ့ကြတဲ့သူတွေဘဲ ဖြစ်ပါတယ်။ 

စစ်တပ်က နိုင်ငံတော်အာဏာကိုသိမ်းယူလိုက်တဲ့ ဖေဖော်ဝါရီလအလွန် မေလကတည်းနေ ဒီဧရာဝတီမြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေနဲ့ ရွှေတူးဖော်လာနေကြတာ တဖြည်းဖြည်း အလွန်များပြားလာတဲ့ အခြေအနေဖြစ်ပါတယ်။ ဒီလို ရွှေတူးဖော်နေကြတဲ့ ရွှေလောပန်းကြီးတွေထဲမှာ ကချင်ငြိမ်းချမ်းရေးအကျိုးတော်ဆောင် (PCG) အဖွဲ့ဝင် ဦးယွပ်ဇော်ခေါင်တို့အပြင် ကချင်အမျိုးသားအတိုင်ပင်ခံရုံး (WMR) လူကြီးတွေနဲ့ ခရစ်ယာန်အသင်းတော်ကြီးထဲက ဘာသာရေးခေါင်းဆောင်များလည်း ပါဝင်နေတယ်လို့ ဒေသခံတွေကပြောပြကြပါတယ်။ 

ကနဦးမြစ်ဆုံဒေသကိုသွားရောက်ကာ စုံစမ်းသိရှိရသလောက်က ဒီလိုရွှေတူးဖော်နေတဲ့ ရွှေလောပန်းတွေထဲမှာ ကချင်စီးပွားရေးလုပ်ငန်းရှင် ခရိုနီတွေ ပါဝင်ပတ်သက်နေတာကိုတော့ စုံစမ်းသိရှိရပါတယ်။ ဒီလိုရွှေတူးလို့ရတဲ့ ရန်ပုံငွေထဲကနေ မြစ်ဆုံဆိုင်တန်ရှိတဲ့နေရာမှာ မြစ်ကမ်းထိန်သိမ်းရေးနဲ့ သဘာဝပတ်ဝန်းကျင် သာယာလှပရေးဆိုတဲ့ ခေါင်းစဉ်နဲ့ တည်ဆောက်တာမျိုးတွေလုပ်ဆောင်ကြတယ်လို့ဒေသခံများကဆိုပါတယ်။ 

ဒီလို မြစ်ဆုံဒေသမှာ မြစ်ကြောင်းပတ်ဝန်းကျင်ထိန်းသိမ်းရေးကို မနှစ်ကတည်းနေလုပ်ဆောင်ပေးခဲ့တဲ့ မြစ်ကြီးနားမြို့မှ လောပန်းကြီး ဦးအင်ခန်းအောင်အောင်က မြစ်ဆုံဒေသရွှေတူးဖော်မှုကို လုပ်ဆောင်နေတယ်လို့ သတင်းများလည်းထွက်ပေါ်နေခဲ့ပါတယ်။  

လောပန်းကြီးဦးအင်ခန်းအောင်အောင် ပိုင်ဆိုင်တဲ့လုပ်ငန်းကြီးတွေထဲကတစ်ခုဖြစ်တဲ့ စားသောက်ဆိုင်တစ်ခုကို လက်ရှိ မြစ်ကြီးနားမြို့ထဲက ဧရာဝတီမြစ်ကမ်းဘေးကို ဦးတည်ကာနေရာရယူပြီး မနော(ကချင်ဘာသာစကားအရ မနောင်)ကွင်းအတွင်းမှာ လုံဂါပါအမည်နဲ့ ဖွင့်လှစ်ထားပါတယ်။ ဒီစားသောက်ဆိုင်ကို ကချင်စီးပွားရေးခရိုနီအသိုင်းအဝိုင်းများက မကြာခဏဆိုသလို လာရောက်လေ့ရှိနေတာကြောင့် အခုလိုသတင်များထွက်ပေါ်လာရတာဖြစ်တယ်လို့ လောပန်းကြီး ဦးအင်ခန်းအောင်အောင်ရဲ့ မိသားစုဝင်များက ဆိုကြပါတယ်။ 

သို့သော် ရွှေတူးဖော်ရေးလုပ်ငန်းတွင် ဦးအင်ခန်းအောင်အောင် ပါဝင်ခြင်းမရှိကြောင်း ဦးအင်ခန်းအောင်အောင်ရဲ့ အမျိုးသမီးက ပြောပါတယ်။ 

“အဲဒီအဖွဲ့ထဲမှာပါတယ်ဆိုရင် နာမည်စာရင်းကို အမှန်တကယ်သိရမယ်။ အဲ့လိုမြစ်ဆုံမှာ ရွှေလုပ်ကွက်ချထားပေးရေးနဲ့ ရွှေတူးဖော်ရေးမှာ အန်တီတို့မိသားစုက ယောင်လို့တောင်မပါပါဘူး။ မပက်သတ်ဘူး။ အဲ့မြစ်ဆုံရွာက ရွာသားတွေကိုလည်း မေးမြန်းကြည့်ပါ။ မေးမြန်းနိုင်ပါတယ်” လို့ ဦးအင်ခန်းအောင်အောင်ရဲ့ အမျိုးသမီးက အခိုင်အမာ ငြင်းဆိုခဲ့ထားပါတယ်။ 

ပြည်နယ်အစိုးရအတွင်းက အမည်မဖော်လိုသူ သတင်းအရင်းအမြစ်ရဲ့ ပြောကြားချက်အရ ကချင်လောပန်းကြီး ဦးအင်ခန်းအောင်အောင်က ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအဖွဲ့ထဲမှာ ပါဝင်သလို၊ ပြည်နယ်အတွင်း ရွှေလုပ်ကွက်ချပေးသူများအထဲမှာလည်း ပါဝင်တယ်လို့ ဆိုပါတယ်။ 

ဒီပြည်နယ်အတွင်း ရွှေလုပ်ကွက်ချထားပေးရေးကော်မတီထဲမှာ လောပန်းကြီး ဦးအင်ခန်းအောင်အောင် အနေနဲ့အမှန်တကယ် ပါဝင်မှုရှိမရှိကို မဇ္ဈိမက သီးခြားအတည်မပြုနိုင်သေးပေ။   

လက်ရှိရွှေတူးဖော်နေတဲ့ မြစ်ဆုံရွာဟောင်းကဒေသခံတစ်ဦးကတော့ လောပန်းကြီး ဦးအင်ခန်းအောင်အောင်အနေနဲ့ မြစ်ဆုံဒေသမှာ ရွှေတူးဖော်နေတာမဟုတ်ဘဲ ပြီးခဲ့တဲ့နှစ်ကတည်းနေ မြစ်ဆုံရွာဟောင်းဒေသမှာ မြစ်ကြောင်းပတ်ဝန်းကျေင်ထိန်းသိမ်းရေးနဲ့ ကျေးရွာအတွက် အမှန်တကယ်လိုအပ်တဲ့ အကူအညီတွေ ပေးနေတယ်လို့ ပြောပါတယ်။ 

နောက်ပြီး မြစ်ဆုံဒေသမှာ ရွှေလုပ်ကွက်ချထားပေးရေးနဲ့ပက်သက်ပြီး သတင်းထွက်နေတဲ့ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းထဲမှာ လက်ရှိအာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်တစ်ယောက်လည်း ပါဝင်နေပြီး၊ ဦးခက်ထိန်နန်က အာဏာသိမ်းပြီး ဝန်ကြီးချုပ်မဖြစ်ခင်က ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ ဥက္ကဌအဖြစ်ဆောင်ရွက်ခဲ့သူလည်းဖြစ်ပါတယ်။ 

လက်ရှိမှာ အဲ့ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ရုံးကို မြစ်ကြီးနား မနောကွင်းအနီးက ဦးခက်ထိန်နန်ရဲ့နေအိမ်မှာဖွင့်လှစ်ထားပါတယ်။ ဒီနေရာမှာဘဲ ဦးယွပ်ဇော်ခေါင်ရဲ့ ဂျိတ်လန်းရုံးက ရုံအနေနဲ့ ၂၀၁၅ ခုနှစ်အရှေ့ပိုင်းမှာ ဖွင့်လှစ်ခဲ့ဖူးပါတယ်။ 

လက်ရှိပြည်နယ်ဝန်ကြီးချုပ် ရာထူးကိုရယူထားတဲ့ ဦးခက်ထိန်နန်က ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းရဲ့ နှစ်ပတ်လည်အစည်းအဝေးများမှာ လုံခြုံရေးအချို့နဲ့ တက်ရောက်လေ့ရှိနေတယ်ဆိုတာကို မျက်မြင်တွေ့ရှိရသူများ ပြောပြပါတယ်။ 

ဒီမြစ်ဆုံရွှေတူးဖော်တဲ့နေရာမှာ ကချင်တိုင်းရင်းသားလုပ်ငန်းရှင်များ ပါဝင်နေတယ်ဆိုပြီး သတင်းထွက်ပေါ်နေတဲ့အပေါ် တိုင်းရင်းသားလုပ်ငန်းရှင်များအသင်းကို ဆက်သွယ်မေးမြန်းကြည့်ပေမယ့် ပြန်လည်ဖြေဆိုခဲ့ခြင်းတော့ မရှိပါဘူး။ 

မြစ်ဆုံဧရိယာအတွင်း ပြီးခဲ့တဲ့ နိုဝင်ဘာလ ၇ ရက်နေ့က သက်ဆိုင်ရာက လာရောက်ကြည့်ရှုခဲ့တယ်လို့ ဒေသခံတွေက ဆိုပါတယ်။ ဒါပေမယ့် ဒီလိုလာရောက်ကြည့်ရှုတဲ့အချိန်မှာ ရွှေတူးဖော်နေတာတွေက ခဏတစ်ဖြုတ်နားထားပြီး၊ အခုချိန်မှာတော့ ပြန်လည်တူးဖော်နေတာကို စုံစမ်းသိရှိရပါတယ်။ 

“သူတို့ကနှစ်ရက်၊ သုံးရက်လောက်ခဏနားပြီး အခုပြန်လုပ်နေကြတယ်။ညကျမှလုပ်တာဟုတ်တယ်။ အခုကအစောင့်တွေကိုတောင်သူတို့ကခန့်ထားတယ်။ ဘယ်သူ့မှလာဝင်ကြည့်လို့မရအောင်လုပ်တာဖြစ်မယ်” လို့ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက ဆိုပါတယ်။ 

အဲဒီရွှေတူးဖော်တဲ့နေရာကို သွားလာခွင့်မရှိဘဲ ဝင်ရောက်လာသူများကို ခြိမ်းခြောက်တာတွေရှိနေတဲ့အပြင် ရိုက်နှက်မှုတွေလည်းရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ 

ဒီမြစ်ဆုံဒေသရွှေတူးဖော်တဲ့ နေရာရွာအဝင်မှာ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တစ်ခုရဲ့ ဗျုဟာတပ်စခန်းအသေးလေးတစ်ခုရှိနေပါတယ်။ ဒီတပ်စခန်းကို ရွာအဝင်မှာ အခိုင်အမာတည်ဆောက်ထားတာဖြစ်ပြီး၊ ဒီတပ်စခန်းနဲ့ မြစ်ဆုံဆိုင်တန်းရှိတဲ့နေရာက တစ်မိုင်နီးပါးလောက်သာဝေသာဖြစ်ပါတယ်။ 

ဒီတပ်စခန်းကို မြောက်ပိုင်တိုင်းစစ်ဌာနချုပ်လက်အောက်ခံ မြစ်ကြီးနားမြို့ တပ်နယ်အထိုင်တပ်များဖြစ်တဲ့ အမှတ်(၇) ပညာရေးလေ့ကျင့်ရေးတပ်၊ အမှတ်(၃၇) ခြေလျင်တပ်ရင်းနဲ့ အမှတ်(၂၉) ခြေလျင်တပ်ရင်းတို့က အလှည့်ကျတာဝန်ယူလေ့ရှိနေတာကို စုံစမ်းသိရှိရပါတယ်။ 

အခုလို မြစ်ဆုံဒေသမှာ စက်ယန္တရားကြီးတွေ ရွှေတူးဖော်မှုတွေကြောင့် ကမ်းနံဘေးမြေသားတွေက သဘာဝအတိုင်း ကျစ်လစ်ခိုင်မာမှုမရှိနိုင်တော့ဘဲ သဘာဝဘေးအန္တရာယ်ဖြစ်ပေါ်ခဲ့မယ်ဆိုရင် စိုးရိမ်ရပြီး၊ စိန်ခေါ်မှုအမျိုးမျိုးကိုလည်း ရှိလာနိုင်တာကြောင့် ဒေသခံလူထုက သူတို့ရဲ့ သဘောထားထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့ပြီဖြစ်ပါတယ်။ 

အခုတူးဖော်တဲ့နေရာတွေမှာ ချိုင့်ခွက်တွေ၊ ကျောက်ပုံတွေဖြစ်နေပြီး ရေကြီးလာချိန်မှာ မြစ်ဆုံရွာထဲကို တန်းဝင်လာနိုင်ဖွယ်ရှိတာကြောင့် မြစ်ဆုံလည်း ပျက်စိးသွားမှာကို စိုးရိမ်နေကြတာကြောင့် မြစ်ဆုံဒေသခံတွေက ဒီလိုစက်ယန္တရားကြီးတွေနဲ့မတူးဖော်ဖို့ကို တောင်းဆိုနေကြတာဘဲ ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly