မိုင်းရှူးမြို့တွင် SSPP/SSA တပ်ဖွဲ့မှ လူသစ်စုဆောင်းမှုများ ပြုလုပ်နေဟုဆို

11 November 2021
မိုင်းရှူးမြို့တွင် SSPP/SSA တပ်ဖွဲ့မှ လူသစ်စုဆောင်းမှုများ ပြုလုပ်နေဟုဆို

နိုဝင်ဘာ ၁၁

ရှမ်းပြည်နယ်၊ မိုင်းရှူးမြို့နယ်တွင် ယမန်နေ့ နို၀င်ဘာလ ၁၀ရက်က ရှမ်းလက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA)မှ မြို့ပေါ်အထိ လူသစ်စုဆောင်းမှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

ယမန်နေ့ မနက် ၅ နာရီ မိနစ် ၃၀ ခန့်က မိုင်းရှူးမြို့ပေါ် ရပ်ကွက် (၂ ) နှင့် ကြူလွယ်ရွာများသို့ SSPP/SSA တပ်ဖွဲ့ဝင်များ အရပ်ဝတ်ဖြင့် ရောက်ရှိလာကာ ၎င်းတို့၏ စစ်မှုထမ်းရန်စာရင်းတွင် ပါသည့် လူငယ်များကို ဝင်ရောက်ရှာဖွေကာ လူငယ် သုံးဦးအားအဓမ္မဖမ်းဆီး ခေါ်ဆောင်သွားကြောင်း သိရသည်။

မူလက SSPP/SSA တပ်ဖွဲ့အနေဖြင့် မြို့ပေါ်လူသစ်စုဆောင်းရာတွင် ၎င်းတို့၏စာရင်းရှိ လူငယ်များကိုသာ ခေါ်ဆောင်သွားလေ့ရှိသော်လည်း ယခုတစ်ကြိမ်တွင်မူ စာရင်းမပါသူများကိုပါ ခေါ်ဆောင်သွားကြောင်း မျက်မြင်တွေ့ခဲ့သူ ဒေသခံလူငယ်တစ်ဦးကပြောသည်။

"ဒီမနက် ကျွန်တော်အသိ အစ်ကိုတစ်ယောက်က လမ်းလျှောက်ပြီး ပြန်လာတာ၊ သူက သူတို့စာရင်းထဲမပါဘူး။ ဒါပေမဲ့ တွေ့လို့ ခေါ်သွားတယ်။ ဝမ်ဟိုင်းအဖွဲ့ (SSPP/SSA) က ခေါ်သွားတာပါ။ သူတို့ဒီနေ့ရပ်ကွက်ထဲလာတာ အင်အား ၂၀ လောက်ရှိတယ်။ လက်နက်ကိုင် ၁၀ဦးပါတယ် " ဟု၎င်းက ပြောသည်။

SSPP တပ်ဖွဲ့ဝင်များ ထွက်ခွာသွားပြီးနောက် စစ်ကောင်စီတပ်သားများ ရောက်ရှိလာကာ ရပ်ကွက်တွင်း လိုက်လံစစ်ဆေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ မိုင်းရှူးမြို့ပေါ် လူသစ်စုဆောင်းမှုသည် စတုတ္ထအကြိမ်ဖြစ်ပြီး ဒေသခံလူငယ်အများစုမှာ နီးစပ်ရာ မြို့ကြီးများနှင့် နယ်စပ်သို့ ထွက်ပြေးတိမ်းရှောင်နေကြကြောင်း သိရသည်။

ဒေသခံလူငယ်များ အနေဖြင့် SSPP/SSA တပ်ဖွဲ့မှာ စစ်ကောင်စီတပ်နှင့် မတိုက်ဘဲ ရှမ်းလက်နက်ကိုင်အချင်းချင်းသာ တိုက်ခိုက်နေကြသဖြင့် စစ်မှုမထမ်းလိုကြခြင်းဖြစ်သည် ဒေသခံများက ဆိုသည်။

SSPP/SSA တပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးစိုင်းဖုန်းဟန်အား မဇ္ဈိမမှဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖြေကြားနိုင်ခဲ့ခြင်းမရှိပါ။

အလားတူ အခြားရှမ်းလက်နက်ကိုင် အဖွဲ့တစ်ခုဖြစ် သည့် RCSS/SSA တပ်ဖွဲ့အနေဖြင့် ကျိုင်းတောင်းမြို့တွင် လူသစ်စုဆောင်းမှုများပြုလုပ်နေသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း ဒေသခံများကအတည်ပြုပေးနိုင်ခြင်းမရှိသေးပေ။

video - မိုင်းရူးမြို့အတွင်းသို့ရောက်ရှိလာသော SSPP တပ်ဖွဲ့ဝင်များ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required