PPST က စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြောသည့်သဘောဆိုကာ စစ်ကောင်စီတန်ပြန်ကန့်ကွက်

PPST က စစ်ကောင်စီကို အကြမ်းဖက်အဖွဲ့အစည်းအဖြစ် ပြောသည့်သဘောဆိုကာ စစ်ကောင်စီတန်ပြန်ကန့်ကွက်

နိုဝင်ဘာ ၁၀

အပစ်ခတ်ရပ်စဲရေးစာချုပ်လက်မှတ်ရေးထိုးထားသော တော်လှန်ရေးအဖွဲ့များ၏ ကြေညာချက်တွင်ပါရှိသော အချက်တစ်ချက်သည် ၎င်းတို့ကို အကြမ်းဖက်အဖွဲ့အစည်းဟုပြောသည်ဆိုကာ မကျေမချမ်းဖြစ်သော စစ်ကောင်စီက ယနေ့တွင် ကန့်ကွက်လိုက်သည်။

PPST ဟု လူသိများသော တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် လက်မှတ်ရေးထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်အဖွဲ့ (PPST) ၏ နိုဝင်ဘာလ ၅ ရက်နေ့ ထုတ်ပြန်ချက်တွင် "ချင်းပြည်နယ် ထန်တလန်ကိစ္စအပါအဝင် စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနှင့် ကရင်နီဒေသများတွင် စစ်ကောင်စီကပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက်အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်"ဆိုသော အချက်တစ်ချက်ပါလာသည်။

အာဏာသိမ်းပြီးနောက် စစ်ကောင်စီက အသစ်ဖွဲ့စည်းလိုက်သော အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်‌ဆောင်မှု ညှိနှိုင်းရေးကော်မတီက PPST သို့ လိပ်မူကာ ယနေ့တွင်ပေးပို့သောစာတွင် စစ်ကောင်စီကပြည်သူလူထု၏ အိုးအိမ်များ၊ ဘာသာရေး အဆောက် အအုံများကို ပစ်မှတ်ထားတိုက်ခိုက်မှုအပေါ်ပြင်းထန်စွာကန့်ကွက်ရှုတ်ချသည်ဆိုသော စကားရပ်သည် "တပ်မတော်အား အကြမ်းဖက်အဖွဲ့အစည်းအဖြစ်သတ်မှတ်သည့်သဘော သက်ရောက်နေကြောင်း တွေ့ရှိရသည်" ဟု ပါရှိသည်။

ထို့အပြင် PPST သည် ဖြစ်စဉ်အမှန်ကို တိတိကျကျမသိဘဲ ရေးသားမှုသည် NCA စာချုပ်ပါ အခန်း(၃)၊ အပိုဒ် ၅(စ)ကို ဖောက်ဖျက်ကျူးလွန်ခြင်းဖြစ်ကြောင်း စစ်ကောင်စီဘက်က ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်ရေးကော်မတီအတွင်းရေးမှူး ဒုတိယဗိုလ်ချုပ်ကြီး မင်းနောင်က လက်မှတ်ရေးထိုးကာပေးပို့သောစာတွင်ပါရှိသည်။

ကန့်ကွက်စာတွင် "ဥပဒေနှင့်အညီနေကြသော ပြည်သူလူထုနှင့်သက်ဆိုင်သည့်နေရာများအား ရည်ရွယ်ချက်ရှိရှိဖြင့် ပစ်ခတ်တိုက်ခိုက်မှု၊ ဖျက်ဆီးမှုများ လုံး၀ (လုံး၀) မပြုလုပ်ရသည့်အပြင် ပြုလုပ်ရန်လည်း မူဝါဒ/ညွှန်ကြားချက်မရှိ" ဟုလည်း ပါရှိသည်။

အောက်တိုဘာလ ၂၉ ရက်နေ့တွင် ထန်တလန်မြို့ မီးရှို့ခံရမှုဖြစ်စဉ်တွင် ခရစ်ယာန်ဘုရားကျောင်း နှစ်ကျောင်း၊ Save the Children အဖွဲ့ရုံးခန်းအပါအဝင် နေအိမ် ၁၆၀ ကျော်မီး လောင်ပြာကျခဲ့ရသည်။

စစ်ကောင်စီက ငြင်းဆိုသော်လည်း ထန်တလန်မီးလောင်မှုသည် စစ်ကောင်စီတပ်က လက်နက်ကြီးများပစ်ခတ်မှုကြောင့်ဖြစ်သည်ဟု လူထုအကြားကျယ်ကျယ်ပြန့်ပြန့်ယုံကြည်နေကြသည်ကို လူမှုကွန်ရက်စာမျက်နှာတွင်ပေါ်လွင်သည်။

မြန်မာနိုင်ငံဆိုင်ရာ ဆွီဒင်သံရုံးကထုတ်ပြန်ချက်တွင် "မြန်မာစစ်တပ်မှ ပစ်ခတ်သည့် လက်နက်ကြီးဒဏ်ကြောင့်" ပျက်စီးခဲ့ရသည့် သတင်းများ ကြားသိရသည့်အတွက် သံရုံးအနေဖြင့် တုန်လှုပ်မိကြောင်း ပါရှိသည်။

ထို့အပြင် ကိုးကန့်၊ တအာင်း၊ ရခိုင်တော်လှန်ရေးအဖွဲ့များက ထန်တလန်မီးလောင်မှုကြီးကို စာနာကြောင်း ထုတ်ပြန်ခဲ့ရာတွင် "မြန်မာ့တပ်မတော်သည် ယခုကဲ့သို့သော အလားတူထိုးစစ်ဆင်တိုက်ခိုက်မှုကို လွန်ခဲ့သည့်နှစ်ကာလများ၌ မိမိတို့ညီနောင်မဟာမိတ်သုံးဖွဲ့အခြေပြုလှုပ်ရှားရာ ကိုးကန့်၊ တအာင်း၊ ရခိုင်ဒေသများ၌ ကြိမ်ဖန်များစွာ ပြုလုပ်ထားခဲ့ပြီးဖြစ်သည်။" ဟု ပါရှိသည်။

ကချင်လွတ်မြောက်ရေးအဖွဲ့ (KIO) ကလည်း ထန်တလန်မြို့ဖျက်ဆီးခြင်းနှင့်ပတ်သက်၍ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက မည်ကဲ့သို့ဖြေရှင်းချက်ပြုလုပ်သော်လည်း အမှန်တရားကိုဖုံးကွယ်၍မရနိုင်" ဟု ဝမ်းနည်းကြေကွဲရကြောင်း ထုတ်ပြန်ချက်တွင်ပါရှိသည်။

နိုဝင်ဘာ ၉ရက်နေ့က စစ်ကိုင်းတိုင်း​ဒေသကြီး ဒီပဲယင်းနယ်တွင်းရှိ ကျေးရွာ သုံးရွာမှ နေအိမ်အချို့ကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောကြားမှုလည်း သတင်းမီဒီယာများတွင်ပါရှိခဲ့သည်။

PPST တွင် မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး(ABFDS)၊ ရခိုင်ပြည်လွတ် မြောက်ရေုးပါတီ(ALP)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်လွတ်မြောက်ရေး တပ်မတော် (ငြိမ်းချမ်းရေးကောင်စီ)(KNU/KNLA- PC)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ်( PNLO)၊ သျှမ်းပြည် ပြန်လည်ထူထောင်ရေးကောင်စီ/ သျှမ်းပြည်တပ်မတော်(RCSS/SSA)၊ မွန်ပြည်သစ်ပါတီ( MNSP) နှင့် လားဟူဒီမိုကရက်တစ် အစည်းအရုံး(LDU) တို့ ပါဝင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly