ပေါင်းတည်မြို့နှင့် သာယာဝတီမြို့တို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

ပေါင်းတည်မြို့နှင့် သာယာဝတီမြို့တို့တွင် ဗုံးပေါက်ကွဲမှု ဖြစ်ပွား

နိုဝင်ဘာ ၁၀

ပဲခူးတိုင်းဒေသကြီး (အနောက်ခြမ်း)၊ ပေါင်းတည်မြို့နှင့် သာယာဝတီမြို့တို့တွင် ယမန်နေ့ နိုဝင်ဘာ ၉ ရက်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

ပြည်ခရိုင်၊ ပေါင်းတည်မြို့ အရှေ့လမ်း မင်းကွတ်(၁) ရပ်ကွက်ရှိ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ရုံးအတွင်း ယမန်နေ့ ညနေ ၆ နာရီ မိနစ် ၃၀ တွင် ဗုံးပေါက်ကွဲခဲ့ကြောင်း သိရသည်။

“ရုံးထဲကို လက်ပစ်ဗုံးနဲ့ ပစ်ထည့်လိုက်တာဗျ ။ လူတော့ မထိဘူး။ ပျက်စီးမှုတော့ နည်းနည်းရှိတယ်”ဟု မြို့ခံတစ်ဦးက ပြောသည်။

အလားတူ သာယာဝတီမြို့၊ ရွှေဆယ်ဝတီ ဂေါက်ကလပ်တွင်လည်း ယမန်နေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ပေါက်ကွဲမှုနှစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။

“ ဗုံးကနှစ်ခါ ပေါက်တာဗျ။ ရှေ့ဆင့် နောက်ဆင့်ပဲ။ အသံကတော့အကျယ်ကြီးပဲ။ လူထိတယ်လို့တော့ မကြားမိသေးဘူး။ နောက်က စစ်သားတွေလာပြီး စစ်ဆေးတာတွေ လုပ်နေတာပဲ”ဟု ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ဂေါက်ကွင်းအနီး နေထိုင်သည့် ဒေသခံတစ်ဦးက ပြောသည်။

ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည့် ပေါင်းတည်မြို့နှင့် သာယာဝတီမြို့နယ်တို့တွင် စစ်ကောင်စီမှ လမ်းများပိတ်ဆို့ရှာဖွေနေပြီး ဖမ်းဆီးစစ်ဆေးမှုများ ပြုလုပ်နေကြောင်း သိရသည်။ အဆိုပါ ဗုံးပေါက်ကွဲမှုများကို မည်သည့်အဖွဲ့အစည်းက ပြုလုပ်ခဲ့ကြောင်း မသိရှိရသေးပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required