ဘောလုံးရာသီသစ်အတွက် မကွေးအသင်း ပြည်ပကစားသမားဟောင်းများကို ပြန်လည်ခေါ်ယူထား

ဘောလုံးရာသီသစ်အတွက် မကွေးအသင်း ပြည်ပကစားသမားဟောင်းများကို ပြန်လည်ခေါ်ယူထား
မကွေးအသင်းမှ စာချုပ်သက်တမ်းတိုးခဲ့သည့် နောက်ခံလူ Micheal ။ (ဓာတ်ပုံ - မကွေးအက်ဖ်စီ)

၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ပြိုင်မည့် မကွေးအက်ဖ်စီအသင်းသည် ၂၀၁၅ ခုနှစ် ဘောလုံးရာသီတွင် အသင်း၌ အသုံးပြုခဲ့သည့် ပြည်ပကစားသမား သုံးဦးစလုံးကို အသင်းသို့ ပြန်လည်ခေါ်ယူခဲ့သည်။

ပြီးခဲ့သည့် ၂၀၁၅ ဘောလုံးရာသီတွင် မကွေးအသင်း၌ ကစားခဲ့သော ပြည်ပကစားသမားသုံးဦးမှာ နောက်ခံလူ ဒီဂျမ်၊ နောက်ခံလူ Micheal နှင့် တိုက်စစ်မှူး ဆီလာတို့ ဖြစ်ကြသည်။

အဆိုပါပြည်ပကစားသမားသုံးဦးစလုံးမှာ ပြီးခဲ့သည့် ဘောလုံးရာသီတွင် အသင်း၌ ခြေစွမ်းပြသနိုင်ခဲ့သောကြောင့် မကွေးအသင်းမှ ပြန်လည်ခေါ်ယူခဲ့ခြင်းဖြစ်သည်။ မကွေးအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲ ဝင်ပြိုင်ရန် ပြည်ပကစားသမား သုံးဦးသာ အသုံးပြုမည်ဖြစ်ပြီး မျိုးဇော်ဦး၊ ကျော်မြင့်ထွန်း၊ ဝေယံစသည့် ပြည်တွင်းကစားသမား သုံးဦးကို အသင်းမှ ထွက်ခွာခွင့်ပြုလိုက်သည်။ မကွေးအသင်းသည် ရခိုင်ယူနိုက်တက်အသင်းမှ အောင်စိုးမိုး၊ နိုင်နိုင်ကျော်၊ နေပြည်တော်အသင်းမှ ခိုင်ထူး၊ နေဇော်အောင်၊ GFA အသင်းမှ ဗန်လာချောင်အာတို့ကို ထပ်မံအားဖြည့် ခေါ်ယူခဲ့သည်။

မကွေးအက်ဖ်စီအသင်းသည် ၂၀၁၅ ခုနှစ် မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံးပြိုင်ပွဲတွင် နှစ်ပွဲသာ ရှုံးနိမ့်ခဲ့ပြီး ၁၀ ပွဲ နိုင်၊ ၁၀ ပွဲ သရေ ရမှတ် ၄၀ ရရှိကာ အမှတ်ပေးဇယား အဆင့် ၃ နေရာတွင် ရပ်တည်နိုင်ခဲ့သည့် အသင်းဖြစ်သည်။

မကွေးအသင်းသည် ၂၀၁၆ မြန်မာနေရှင်နယ်လိဂ် အမှတ်ပေးဘောလုံး ပြိုင်ပွဲ ပွဲဦးထွက်ပွဲစဉ်အဖြစ် ၂၀၁၆ ဇန်နဝါရီ ၁၀ ရက်တွင် လက်ရှိချန်ပီယံရန်ကုန်ယူနိုက်တက်အသင်းနှင့် YUSC ကွင်း၌ ယှဉ်ပြိုင်ကစားရမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly