အီမရန် ခန်း အစိုးရ ပြုတ်မကျမချင်း ဆက်လက်ဆန္ဒပြသွားရန် ပါကစ္စတန်အတိုက်အခံ ခေါင်းဆောင် သန္နိဋ္ဌာန်ချ

အီမရန် ခန်း အစိုးရ ပြုတ်မကျမချင်း ဆက်လက်ဆန္ဒပြသွားရန် ပါကစ္စတန်အတိုက်အခံ ခေါင်းဆောင် သန္နိဋ္ဌာန်ချ

ပါကစ္စတန်နိုင်ငံတွင် ကုန်ဈေးနှုန်း တက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်းရဲမွဲတေမှုအပေါ် ၎င်းတို့ ပါတီ၏ ဆန့်ကျင်ဆန္ဒပြမှုကမ်ပိန်းသည် ဝန်ကြီးချုပ် အီမရန် ခန်း အစိုးရ ပြုတ်မကျမချင်း ဆက်ရှိနေမည် ဖြစ်ကြောင်း အတိုက်အခံပါတီခေါင်းဆောင် ပါကစ္စတန်ပြည်သူ့ပါတီ (PPP) ဥက္ကဋ္ဌ ဘီလာဝဲလ် ဘူတို-ဇာဒါရီက ပြောကြားလိုက်သည်။

ဘီလာဝဲလ်သည် နိုဝင်ဘာ ၁ ရက်က ဆင်းန်ပြည်နယ်၌ ပါတီဝင်များနှင့် တွေ့ဆုံပွဲများတွင် အထက်ပါအတိုင်း ပြောဆိုသွားခြင်း ဖြစ်ကြောင်း Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန် အတိုက်အခံပါတီများသည် နိုင်ငံတဝန်း မြို့ကြီးများတွင် ဆန္ဒပြပွဲများ လုပ်ဆောင်နေခဲ့ကြပြီး ကုန်ဈေးနှုန်း မြင့်တက်မှုများအကြား အီမရန် ခန်း၏ PTI အစိုးရကို "ဖြုတ်ချရန်" အတွက် ပြည်သူလူထုက ဝိုင်းဝန်းပူးပေါင်းပါဝင်ရေး တိုက်တွန်းထားသည်။

ပါတီဥက္ကဋ္ဌ ဘီလာဝဲလ်၏ ပန်ကြားချက်အရ PPP ပါတီဝင်များသည် ပြီးခဲ့သည့်အပတ်က အစ္စလမ်မာဘတ်နှင့် ရာဝယ်ပင်ဒီ တို့တွင် ဆန္ဒပြပွဲများ ပြုလုပ်ခဲ့ကြပြီး နိုင်ငံတွင် ကုန်ဈေးနှုန်း တက်မှု၊ အလုပ်လက်မဲ့ဖြစ်မှုနှင့် ဆင်းရဲမွဲတေမှုအပေါ် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

PPP ပါတီဝင်များသည် အီမရန် ခန်း အစိုးရကို ဆန့်ကျင်သည့် ကြွေးကြော်သံများကိုလည်း အော်ဟစ်ခဲ့ကြသည်။

ပြီးခဲ့သည့်အပတ် ဆန္ဒပြကမ်ပိန်းသည် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့ကြောင်း PPP ပါတီဥက္ကဋ္ဌ ဘီလာဝဲလ်က ပြောခဲ့ပြီး ဒုတိယအဆင့် လုပ်ဆောင်မှုကို မကြာမီ ကြေညာသွားမည်ဟု ပြောခဲ့သည်။ "ရွေးချယ်ထားတဲ့ ဒီအစိုးရ မဆင်းမချင်း" ဆန္ဒပြပွဲများ၊ စုဝေးပွဲများ၊ ဆန္ဒထုတ်ဖော်ပွဲများ ဆက်ရှိနေလိမ့်မည် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

ထို့ပြင် နိုင်ငံတွင် လက်ရှိ မကြုံစဖူးသော ကုန်ဈေးနှုန်း တက်မှုများကြောင့် ပြည်သူများမှာ ၎င်းတို့၏ သားသမီးများကို ကျောင်းထားရန်နှင့် ဆေးကုသမှုခံယူရန်ပင် မတတ်နိုင်သည့် အခြေအနေများ ရှိနေကြောင်း အတိုက်အခံ ခေါင်းဆောင်က ပြောခဲ့သည်။

အီမရန် ခန်း အစိုးရသည် ပြည်သူများ၏ နေအိမ်များ ဖြိုဖျက်ခံရမှုကနေ ကယ်တင်ပေးရန် ပျက်ကွက်နေကြောင်း ဘီလာဝဲလ်က ပြစ်တင်ခဲ့သည်။ "ဒီ အစိုးရရဲ့ အားနည်းပြီး ဦးတည်ရာမဲ့နေတဲ့ စီးပွားရေး မူဝါဒတွေကြောင့် ပြည်သူတွေဟာ ထိခိုက်ခံစားနေရပါတယ်" ဟု ၎င်းက ပြောကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။

ပြီးခဲ့သည့်အပတ်ကလည်း ပါကစ္စတန်သည် ဒေသတွင်း၌ စရိတ်စကသက်သာသော နိုင်ငံတစ်နိုင်ငံဖြစ်နေကြောင်း စွမ်းအင်ဝန်ကြီးက ပြောကြားခဲ့ရာ ထိုပြောကြားချက်ကို PPP ပါတီ အထွေထွေအတွင်းရေးမှူး ဆိုင်ယက်ဒ် နေယာ ဟူစိန် ဘက်ခ်ဟာရီက ပြစ်တင်ဝေဖန်ခဲ့သည်။

စွမ်းအင်ဝန်ကြီးသည် ဆင်းရဲသော ပြည်သူများကို လှောင်ပြောင်နေသလို ဖြစ်နေသည်ဟု ၎င်းက ပြောခဲ့သည်။

၃၈ လ တာအတွင်း ပါကစ္စတန်ပြည်သူတို့၏ ဆင်းရဲဒုက္ခများက တိုးပွားထားခဲ့ပြီး ပြည်သူတို့သည် တစ်နေ့တစ်နေ့ အလျဥ်မီအောင်ပင် မနည်းရုန်းကန်နေကြရသည်ဟု ဘက်ခ်ဟာရီက ပြောကြောင်း Dawn သတင်းစာက ကိုးကား ဖော်ပြသည်။

ဟင်းသီးဟင်းရွက်အဆီမှ ထုတ်လုပ်သည့် ထောပတ်ဆီ တစ်ကီလို စျေးနှုန်းသည် ပြီးခဲ့သည့် သုံးနှစ်တွင် ဆက်တိုက်ဆိုသလို ၂၇ ရာခိုင်နှုန်း တက်ထားခဲ့သည်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလနောက်ပိုင်း ဟင်းချက်ဆီ စျေးနှုန်းသည် ၂၃ ရာခိုင်နှုန်း တက်ထားခဲ့သလို သကြား စျေးနှုန်းက ၂၂ ရာခိုင်နှုန်း နှင့် ပဲအမျိုးမျိုး‌ စျေးနှုန်းသည် ၂၁ ရာခိုင်နှုန်းဖြင့် တက်ထားခဲ့သည်။ ဂျုံမှုန့် စျေးနှုန်းသည် ၂၀၁၈ ခုနှစ်နောက်ပိုင်း နှစ်စဥ် ၁၅ ရာခိုင်နှုန်း တက်ထားခဲ့သည်ဟု Dawn သတင်းစာက ဖော်ပြသည်။

ပါကစ္စတန်၏ အစားအစာ ကုန်စျေးနှုန်းတက်မှုက ပြီးခဲ့သည့် နောက်ဆုံး နှစ်နှစ်အတွင်း လတချို့မှလွဲပြီး အများအားဖြင့် ကိန်းဂဏန်းနှစ်လုံးတွင် ဆက်ရှိနေခဲ့သည်ဟု အဆိုပါ သတင်းစာက ဖော်ပြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly