တရုတ်ကျောင်းဆရာ ကိုဗစ်ကူးစက်ခံရပြီးနောက် ကလေးများအပြည့်ရှိသည့် မူလတန်းကျောင်းကို အသွားအလာဖြတ်တောက်

တရုတ်ကျောင်းဆရာ ကိုဗစ်ကူးစက်ခံရပြီးနောက် ကလေးများအပြည့်ရှိသည့် မူလတန်းကျောင်းကို အသွားအလာဖြတ်တောက်

ကျောင်းဆရာတစ်ဦး ကိုဗစ်ရောဂါကူးစက်ခံရပြီးနောက် ကျောင်းသားဒါဇင်ပေါင်းများစွာရှိနေသော ပေကျင်းရှိ မူလတန်းကျောင်းကို အစိုးရတာဝန်ရှိသူများက အသွားအလာဖြတ်တောက်လိုက်သည်။

အဆိုပါကျောင်း၌ ရောဂါကူးစက်မှုတွေ့ရှိသဖြင့် ကျောင်းကို အဝင်အထွက်ဖြတ်တောက်ထားသောကြောင့် အသက် ၇ နှစ်နှင့် ၁၂ နှစ်အကြားရှိ ကလေးများ၏ စိုးရိမ်သောကရောက်နေသော မိဘများသည် နိုဝင်ဘာ ၁ ရက်နှောင်းပိုင်းက ကျောင်းပြင်ပတွင် စုဝေးနေခဲ့ကြသည်။

ကလေးအချို့ကို အသွားအလာကန့်သတ်ကာစောင့်ကြည့်ရမည်ဟု ကျောင်းအုပ်ကြီးက အကြောင်းလာသည့် ညသန်းခေါင်ကျော်အချိန်မှသာ မိဘများက ၎င်းတို့ကလေးများနှင့်ပတ်သက်သည့်သတင်းအချက်အလက်ကို ရရှိခဲ့သည်ဟု Bloomberg ၌ဖော်ပြထားသည်။

နောက်ပိုင်းတွင် ကျောင်းသားမည်မျှ အသွားအလာကန့်သတ်ခံရသည်ကို အတိအကျ မသိရပေ။ New Tang Dynasty ရုပ်မြင်သံကြားဌာနမှ အစီရင်ခံစာကို ကိုးကား၍ ဘီဘီစီက ကလေး ၃၅ ဦးအား သီးသန့် ခွဲထားစောင့်ကြည့်နေသည်ဟု ဆိုသည်။

ကလေးများအတွက် အသွားအလာကန့်သတ်ကာလသည် သီတင်း ၂ ပတ်ကြာမည်ဖြစ်ကြောင်းနှင့် ယင်းကာလတွင် ကလေး ၁ ဦးစီအတွက် မိဘ ၁ ဦး လာနေနိုင်သည်ဟု ကျောင်းအုပ်ကြီးက ပြောသည်။

ယာယီပိတ်ထားသော အဆိုပါကျောင်းရှိ ဝန်ထမ်းအားလုံးနှင့် ကျောင်းသားများကို ကျောင်းပုရဝုဏ် အတွင်း၌ပင် ရောဂါစစ်ဆေးပေးခဲ့သည်။

ရောဂါကူးစက်ခံရသည့် ဆရာ၏ကလေးသည်လည်း အနီးရှိ အလယ်တန်းကျောင်းတွင် ရောဂါကူးစက်ခံထားရကာ ၎င်းကျောင်းရှိ ကျောင်းသားအချို့ကိုလည်း အသွားအလာကန့်သတ်ထားသည်ဟု Bloomberg ကဖော်ပြခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly