ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအတွက် အမေရိကန်နယ်စပ်တွေ ပြန်ဖွင့်

ကာကွယ်ဆေးထိုးပြီးသား ခရီးသွားတွေအတွက် အမေရိကန်နယ်စပ်တွေ ပြန်ဖွင့်
Photo - AFP

နိုဝင်ဘာ ၈

အမေရိကန်ဟာ COVID-19 ကာကွယ်ဆေး အပြည့်အဝ ထိုးနှံထားပြီးတဲ့ နိုင်ငံခြားခရီးသွားတွေကို နိုဝင်ဘာ ၈ ရက်ကစလို့ ကုန်းလမ်း၊ လေကြောင်းကနေ နိုင်ငံတွင်း ဝင်ရောက်ခွင့် ပြန်လည်ခွင့်ပြုလိုက်ပြီ ဖြစ်ပါတယ်။

ဒါဟာ မိသားစုတွေကို တကွဲတပြားဖြစ်စေခဲ့တဲ့၊ ခရီးသွားလုပ်ငန်းကို တုံ့ဆိုင်းစေခဲ့တဲ့၊ သံတမန်ဆက်ဆံမှုတွေကို တင်းမာစေခဲ့တဲ့ လပေါင်း ၂၀ ကြာ ခရီးသွား ပိတ်ပင်ကန့်သတ်ချက်တွေကို အဆုံးသတ်စေခဲ့တာဖြစ်ပါတယ်။

၂၀၂၀ အစောပိုင်းမှာ သမ္မတဟောင်း ဒေါ်နယ်ထရမ့် ချမှတ်ခဲ့ပြီး ယင်းနောက် ၎င်းနေရာ ဆက်ခံသူဖြစ်တဲ့ လက်ရှိသမ္မတ ဂျိုးဘိုင်ဒင် ဆက်လက်ထိန်းသိမ်းထားရှိခဲ့တဲ့ ခရီးသွားပိတ်ပင်ချက်အပေါ် ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုတွေရှိခဲ့ပြီး ဒါဟာ ကပ်ရောဂါကြောင့် ဖြစ်ခဲ့တဲ့ ကသောင်းကနင်းဖြစ်မှုတွေရဲ့ အမှတ်သင်္ကေတလည်း ဖြစ်လာခဲ့ပါတယ်။

ဥရောပရှိ လေဆိပ်တွေမှာတော့ အမေရိကန်အရှေ့ဘက်ကမ်းရိုးတန်းဆီ ဦးတည်မယ့် လေယာဉ်တွေနဲ့ လိုက်ပါဖို့ ခရီးသည်တွေ စိတ်လှုပ်ရှားစွာ တန်းစီစောင့်ဆိုင်းနေခဲ့ကြသလို မက္ကဆီကို၊ ကနေဒါ တို့နဲ့အကြား နယ်စပ်တွေမှာလည်း မနက်အရုဏ်မတိုင်ခင်ကတည်းက နှာခေါင်းစည်းတပ် လူတွေ၊ ကားတွေ ရှည်လျားစွာ တန်းစီ ရှိနေတာကို  တွေ့မြင်ထားခဲ့ရပါတယ်။

ကိုရိုနာဗိုင်းရပ်စ် ပျံ့နှံ့မှုကို တားဆီးနှေးကွေးစေဖို့ အားထုတ်မှုတစ်ခုအဖြစ် အီးယူ၊ ဗြိတိန်၊ တရုတ်၊ အိန္ဒိယ နဲ့ ဘရာဇီး အပါအဝင် ကမ္ဘာ့နေရာဒေသအသီးသီးက ခရီးသွားတွေအပေါ် ၂၀၂၀ မတ်လနောက်ပိုင်း အမေရိကန်က ယင်းရဲ့ နယ်စပ်တွေကို ပိတ်ထားခဲ့တာဖြစ်ပါတယ်။

မက္ကဆီကိုနဲ့ ကနေဒါတို့မှ ကုန်းလမ်းကြောင်းကနေ လာမယ့် ခရီးသွားတွေအပေါ်မှာလည်း ပိတ်ပင်ထားခဲ့တာဖြစ်ပါတယ်။

ခုလို ခရီးသွားပိတ်ပင်ချက် ရုပ်သိမ်းမှုက နိုင်ငံပေါင်း ၃၀ ကျော်အပေါ် သက်ရောက်မှု ရှိမှာဖြစ်ပေမယ့် အမေရိကန်နိုင်ငံထဲ ဝင်ရောက်မှုအပေါ်မှာတော့ စည်းမျဉ်းစည်းကမ်းတချို့နဲ့ ဆက်လက်ထိန်းချုပ်ထားဦးမှာဖြစ်ပါတယ်။

အမေရိကန် အာဏာပိုင်တွေအနေနဲ့ ခရီးသွားတွေရဲ့ ကာကွယ်ဆေးထိုးမှု အခြေအနေကို အနီးကပ် စောင့်ကြည့်သွားမှာဖြစ်ပြီး ခရီးသွားတွေအနေနဲ့ COVID-19 စစ်ဆေးမှု ပိုးမတွေ့ အဖြေရလဒ်တွေ တင်ပြဖို့ လိုဦးမှာဖြစ်ကြောင်း သိရပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly