ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ အရှေ့တောင်အာရှ ၃ နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး၏ အရှေ့တောင်အာရှ ၃ နိုင်ငံခရီးစဉ်အတွင်း မြန်မာ့အရေး ဆွေးနွေးမည်

နိုဝင်ဘာ ၈

ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး လစ်ဇ် ထရပ်စ်သည် အရှေ့တောင်အာရှဒေသသို့ သီတင်းပတ်တစ်ပတ်ကြာ ခရီးစဉ်တစ်ခု လာရောက်မည် ဖြစ်ပြီး ထိုခရီးစဉ်အတွင်း မြန်မာ့အရေး ပါဝင်ထည့်သွင်းဆွေးနွေးသွားရန် ရှိနေသည်ဟု သိရသည်။

ဒေသတွင်း စီးပွားရေးနှင့် လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုများကို နက်ရှိုင်းစေရေး ရည်ရွယ်သည့် အရှေ့တောင်အာရှ ခရီးစဉ်တစိတ်တပိုင်းအဖြစ် လစ်ဇ် ထရပ်စ်သည် တနင်္ဂနွေနေ့တွင် မလေးရှားသို့ သွားရောက်မည်ဖြစ်ကြောင်း သူမ၏ ရုံးက ထုတ်ပြန်သည်။

ထို့ပြင် ထရပ်စ်သည် ထိုင်းနှင့် အင်ဒိုနီးရှားသို့လည်း သွားရောက်မည်ဖြစ်ပြီး ယင်းနိုင်ငံများ၏ စီးပွားရေးနှင့် သံတမန်ရေးဆိုင်ရာ အားကောင်းမှုတို့ကို ထင်ဟပ်စေရန် ရွေးချယ်ထားခြင်းဖြစ်သည်။ ဘရက်ဇစ် အလွန် ဗြိတိန်သည် ဥရောပကို ကျော်လွန်ပြီး အခြားနိုင်ငံများ၊ ဒေသများနှင့်အကြား ဆက်ဆံရေး ပိုမိုအားကောင်းခိုင်မာစေရန် မျှော်မှန်းလျက် ရှိသည်။

"ကျွန်မကတော့ အနာဂတ်တိုးတက်ဖွံ့ဖြိုးမှု ဖြစ်မယ့် နေရာမှာ ဗြိတိန်ကို ရှိစေချင်ပြီးတော့ ၂၀၅၀ နဲ့ အဲဒီနောက်ပိုင်းမှာ ကျွန်မတို့ရဲ့ အဓိက ပါတနာတွေက ဘယ်သူတွေဖြစ်မလဲ ဆိုတာကို စဉ်းစားချင်ပါတယ်" ဟု ထရပ်စ်က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

"အရှေ့တောင်အာရှဟာ ကမ္ဘာလုံးဆိုင်ရာ စီးပွားရေးရဲ့ အင်ဂျင်ဖြစ်လာမှာ ဖြစ်တဲ့အတွက် ကျွန်မဟာ ဗြိတိန်ကို အဲဒါရဲ့ တစိတ်တပိုင်း ဖြစ်စေချင်ပါတယ်၊ ဒီ ဒေသရဲ့ ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာ အရေးပါမှုကို ထင်ဟပ်စေဖို့အတွက် ဒေသနဲ့အကြား ကျွန်မတို့ရဲ့ စီးပွားရေးနဲ့ လုံခြုံရေးဆိုင်ရာ ဆက်ဆံမှုတွေကို အဆင့်မြှင့်တင်ရပါမယ်" ဟု သူမက ပြောသည်။

ဒေသတွင်းသို့ အခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုပိုင်းတွင် ပိုမိုနီးကပ်သော ဆက်ဆံမှုများ တည်ဆောက်ရန် ထရပ်စ်က မျှော်မှန်းလုပ်ဆောင်လိမ့်မည် ဖြစ်ကြောင်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောသည်။

သူမသည် မလေးရှား၊ ထိုင်းတို့၏ ခေါင်းဆောင်များ၊ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံမည် ဖြစ်ပြီး ဆွေးနွေးမည့် ကိစ္စအကြောင်းအရာများထဲတွင် ကာကွယ်ရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးနှင့် ကုန်သွယ်ရေးတို့အပြင် ဒစ်ဂျစ်တယ်၊ နည်းပညာဆိုင်ရာ ရင်းနှီးမြှုပ်နှံမှု၊ လုံခြုံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတို့ကို ပိုမိုနက်ရှိုင်းစေရေး အပိုင်းတို့လည်း ပါဝင်မည်ဖြစ်သည်။
ထရပ်စ်သည် အင်ဒိုနီးရှားနိုင်ငံခြားရေးဝန်ကြီးနှင့် တွေ့ဆုံစဉ် မြန်မာအရေးနှင့် အာဖဂန်နစ္စတန် အရေးတို့ကဲ့သို့ နိုင်ငံခြားမူဝါဒ ကိစ္စရပ်များနှင့်ပတ်သက်ပြီး ဆွေးနွေးသွားမည် ဖြစ်ပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် ဆိုက်ဘာလုံခြုံရေးပိုင်းတွင် ပိုမိုနီးကပ်စွာ ဆက်ဆံသွားရေး ကြိုးပမ်းသွားမည်ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required