မော်လမြိုင်မြို့ ၊ မောင်ငံရပ်ကွက်၌ တပ်ကြပ်ဟောင်း ၁ ဦး ပစ်သတ်ခံရ

မော်လမြိုင်မြို့ ၊ မောင်ငံရပ်ကွက်၌ တပ်ကြပ်ဟောင်း ၁ ဦး ပစ်သတ်ခံရ

နိုဝင်ဘာ ၈

မော်လမြိုင်မြို့၊ မောင်ငံရပ်ကွက်ရှိ တပ်ကြပ်ဟောင်း ဦးသိန်းထွန်းဦး ဆိုသူကို ယနေ့ နိုဝင်ဘာ ၈ ရက် နံနက် ၈ နာရီ မိနစ် ၃၀ တွင် သေနတ်ဖြင့် သုံးချက် ပစ်သတ်လိုက်ကြောင်း မွန်ပြည်နယ် နွေဦး တော်လှန်ရေး တပ်ဦး( MPDF-V )အဖွဲ့ဝင် တစ်ဦးက ပြောသည်။

" တပ်ကြပ်ဟောင်း တစ်ဦးပါ။ တစ်ခါတလေ ရပ်ကွက်ထဲမှာတောင် လိုက်လံအော်ဟစ်ပြီး ခြိမ်းခြောက်တာတွေ ရှိတယ်။ ဆန္ဒပြရင် သူက အရပ်ဝတ်နဲ့ သတင်းပေးတယ်။ သုံးချက်ပါ။ မြင်ရတဲ့ လူတွေကတော့ နှလုံးတည့်တည့် တစ်ချက်ထိတယ် ပြောတယ်ဗျ။ ထိတာနဲ့ လဲကျသွားပါတယ်။ ဖြစ်ပြီးတာနဲ့ မကြာဘူး စစ်သားတွေ ကားနဲ့ လာကောက် တင်သွားတယ်လို့ ပြောပါတယ်ဗျ။ ဖြစ်တဲ့နေရာကတော့ မောင်ငံသား ချိုမှန်ဆိုင်နားမှာပါဗျ"ဟု ၎င်းက ပြောသည်။

အဆိုပါ လုပ်ဆောင်မှုကို MPDF-V အဖွဲ့နှင့် မဟာမိတ်အဖွဲ့များ ပူးပေါင်းလုပ်ဆောင် ခဲ့သည်ဟု သိရသည်။

"အောက်လမ်းမကြီးမှာ ဆန္ဒပြတဲ့နေ့က မောင်ငံတစ်ဝိုက်မှာ ပြည်သူတွေ ၊ ကျောင်းသား ကျောင်းသူတွေ ပုန်းနေတဲ့ နေရာကို ရဲကို သတင်းပေးတယ်။ အခုလည်း ပြည်နယ်အစိုးရနဲ့ ပေါင်းပြီး CCTV တပ်ဖို့ စည်းရုံးတယ်။ ရဲတွေနဲ့ ပေါင်းပြီးလည်း ဆန္ဒပြ သပိတ်ခေါင်းဆောင်တွေကို လိုက်ဖမ်းတယ် " ဟု အဆိုပါ အသတ်ခံရသူနှင့် ပတ်သက်ပြီး ဒေသခံတစ်ဦးက ပြောသည်။

ဦးသိန်းထွန်းဦးသည် PDF များအား ခြိမ်း‌ခြောက်ခြင်း၊ စစ်ကောင်စီနှင့် ပူးပေါင်း၍ ပြည်သူများအား ဒုက္ခပေးခြင်း၊ တပ်ထွက်တစ်ဦး ဖြစ်သည့်အလျောက် အာဏာရှင်များ အလိုကျ လုပ်ဆောင်ခြင်း တို့ကြောင့် အနားပေးလိုက်သည်ဟုလည်း ပစ်ခတ်သည့် အဖွဲ့က ထုတ်ပြန်ထားသည်။

ဓာတ်ပုံ-MNA

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly