မီဇိုရမ်ပြည်နယ်ရှိ ကွန်ဂရက်ပါတီက မြန်မာစစ်ရှောင်များအတွက် ကျပ်ငွေ ၄၆ သိန်း‌ကျော် တန်ဖိုးရှိ ငွေသားနှင့်ပစ္စည်း လှူဒါန်း

မီဇိုရမ်ပြည်နယ်ရှိ ကွန်ဂရက်ပါတီက မြန်မာစစ်ရှောင်များအတွက် ကျပ်ငွေ ၄၆ သိန်း‌ကျော် တန်ဖိုးရှိ ငွေသားနှင့်ပစ္စည်း လှူဒါန်း

နိုဝင်ဘာ ၇

အိန္ဒိယနိုင်ငံ၊ မီဇိုရမ်ပြည်နယ်၊ ကွန်ဂရက်ပါတီ Mizoram Pradesh Congress Committee (MPCC)က မြန်မာနိုင်ငံသား စစ်ရှောင်များအတွက် Myanmar Refugee Relief Committee (MRRC)ထံ အိန္ဒိယငွေ ရူပီး နှစ်သိန်း (ကျပ်ငွေ ၄၆သိန်း ကျော်) တန်ဖိုးရှိ ငွေသားနှင့် ပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

Golden Hall, Congress Bhavan တွင် နိုဝင်ဘာလ ၆ ရက် က ကျင်းပသည့် အလှူငွေပေးအပ်ပွဲ အခမ်းအနားတွင် ကွန်ဂရက်ပါတီမှ မီဇိုရမ်ပြည်နယ် ဥပဒေပြုလွှတ်တော်အမတ် Pu Lalrindika Ralteက ငွေသား ရူပီး၂သောင်းနှင့် အတူ ဆေးဝါးပစ္စည်း၊ ဆန်အိတ် ၃၀ ၊ စောင်နှင့် အဝတ်အထည်များ လှူဒါန်းခဲ့သည်။

“အခမ်းအနားမှာ ကျွန်‌‌တော်က မြန်မာနိုင်ငံက ရောက်လာတဲ့ စစ်ရှောင်များရဲ့အခြေအနေများကို အစီရင်ခံခဲ့ပါတယ်” ဟု MRRC အတွင်းရေးမှူး S. Lal Hu Lian က မဇ္ဈိမကို ပြောသည်။

လက်ခံရရှိသော ပစ္စည်းနှင့် ငွေသားများအား လိုအပ်သည့်နေရာသို့ ပေးအပ်သွားမည်ဖြစ်ပြီး နယ်စပ်ဒေသများသို့ ဖြန့်ဝေပေးသွားရန် ရည်ရွယ်ထားကြောင်း ၎င်းကပြောသည်။

MRRC သည် မီဇိုရမ်ပြည်နယ်၏ မြို့တော် အိုက်ဇော်မြို့တွင် ရုံးအခြေစိုက်ပြီး လုံးလေမြို့ ၊ ကျန်ဖိုင်းမြို့ နှင့် ဇိုးခွားထာလ်ရွာ တို့တွင်လည်း အဖွဲ့ခွဲများ ဖွဲ့စည်း၍ မြန်မာနိုင်ငံမှ စစ်ရှောင်လာသူများအား ကူညီနေသော အဖွဲ့အစည်းဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required