ထိုင်ဝမ်သည် တရုတ်နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် အရန်တပ်များ လေ့ကျင့်မှုကို တိုးမြှင့်

ထိုင်ဝမ်သည် တရုတ်နှင့် တင်းမာမှု မြင့်တက်နေချိန်တွင် အရန်တပ်များ လေ့ကျင့်မှုကို တိုးမြှင့်

တရုတ်နှင့် တင်းမာမှုများ တိုးမြင့်နေစဉ် အရန်တပ်ဖွဲ့များအား လေ့ကျင့်မှုကို ၂၀၂၂ ခုနှစ်တွင် တိုးမြှင့် သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်က နိုဝင်ဘာ ၂ရက်တွင် ထုတ်ပြန်လိုက်သည်။

မကြာသေးမီက ထိုင်ဝမ်အနီးတွင် တရုတ်က စစ်ရေးလှုပ်ရှားမှုများ အရှိန်မြှင့်လာစဉ် ယခုကဲ့သို့ ထုတ်ပြန်လိုက် ခြင်းဖြစ်သည်။

အစီအစဉ်သစ်အရ အရန်တပ်ဖွဲ့များအတွက် မဖြစ်မနေတက်ရောက်ရမည့် မွမ်းမံသင်တန်းကာလကို ၂၀၂၂ခုနှစ်မှ စ၍ အရန်တပ်ဖွဲ့များ၏ ကာကွယ်ရေးစွမ်းရည်ကို အားကောင်းစေရန် လက်ရှိတွင် ၅ ရက်နှင့် ၇

ရက်သာ တက်ရောက်ရသည်မှ ၁၄ ရက်အထိ တိုးမြှင့်သွားမည်ဖြစ်ကြောင်း ထိုင်ဝမ်ကာကွယ်ရေး ဝန်ကြီးဌာနက မှတ်ချက်ပြုခဲ့သည်ဟု Sputnik သတင်းဌာနက ဖော်ပြခဲ့သည်။

မွမ်းမံသင်တန်းပုံစံသစ်၏ ပထမပတ်တွင် သေနတ်ပစ်လေ့ကျင့်မှုကို အဓိကထားလေ့ကျင့်မည် ဖြစ် ပြီး စုစုပေါင်း ပစ်ခတ်ရမည့်အကြိမ်အရေအတွက်နှင့် အသုံးပြုသော ကျည်တောင့်အရေအတွက် စံနှုန်းများကို မြှင့်တင်သွားမည်ဖြစ်သည်။

ဒုတိယရက်သတ္တပတ်တွင် တိုက်ပွဲအခြေအနေအမျိုးမျိုးလေ့ကျင့်မှုများအပြင် ကွပ်ကဲမှုစွမ်းရည်နှင့် တပ်ဖွဲ့များ၏ အမိန့်နာခံနိုင်မှုစွမ်းရည်တို့ကို လေ့ကျင့်ပေးမည်ဖြစ်သည်။

တရုတ်က ထိုင်ဝမ်အား ၂၀၂၅ ခုနှစ်တွင် အပြည့်အဝ ကျူးကျော် သိမ်းပိုက်ရန် စီစဉ်နိုင်သည်ဟု အောက်တိုဘာလအစောပိုင်းတွင် ထိုင်ဝမ်ကာကွယ်ရေးဝန်ကြီး ချိုခိုချန်က ပြောကြားခဲ့သည်။

တရုတ်က ဒီမိုကရက်တစ်ထိုင်ဝမ်အပေါ် အချုပ်အခြာအာဏာ အပြည့်အဝ ပိုင်ဆိုင်ကြောင်း အခိုင်အမာ ကြွေးကြော်ထားစဉ် တရုတ်က ကျူးကျော်ဝင်ရောက်မှုများ တိုးမြင့်လုပ်ဆောင်လာသည်ကို ထိုင်ဝမ်က တွေ့မြင်နေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly