အိန္ဒိယက ပြည်ပမှ ရေနံစိမ်း တင်သွင်းမှုကို လျှော့ချပြီး အခြားလောင်စာ သုံးစွဲရန်လိုအပ်ဟု ပို့ဆောင်ရေးဝန်ကြီး ပြောကြား

အိန္ဒိယက ပြည်ပမှ ရေနံစိမ်း တင်သွင်းမှုကို လျှော့ချပြီး အခြားလောင်စာ သုံးစွဲရန်လိုအပ်ဟု ပို့ဆောင်ရေးဝန်ကြီး ပြောကြား

အိနိ္ဒယနိုင်ငံအနေဖြင့် ပြည်ပမှ ဓာတ်ဆီနှင့် ဒီဇယ်ဆီ တင်းသွင်းမှုသည် နှစ်စဉ် ရူပီး ကုဋေ ၈သိန်းတန်ဖိုး ရှိနေပြီး လက်ရှိပုံစံအတိုင်း ဆက်လက်သုံးစွဲနေပါက လာမည့် ၅ နှစ်တွင် ကုဋေ ၂၅ သိန်းသို့ ရောက်ရှိနိုင်ကြောင်း ကုန်းလမ်းပို့ဆောင်ရေးနှင့် အမြန်လမ်းများဆိုင်ရာ ပြည်ထောင်စုဝန်ကြီး နီတင်ဂက်ကာရီက အောက်တိုဘာ ၂၇ ရက်တွင် ပြောကြားလိုက်သည်။

ဒေလီမြို့တွင် International Vaish Federation က စီစဉ်ကျင်းပသည့် စီးပွားရေးဆိုင်ရာ အစည်းအဝေးတစ်ခု၌ ပြောကြားသည့် မိန့်ခွန်းတွင် ဒီဇယ်နှင့် ဓာတ်ဆီများသည် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်စေကြောင်းလည်း ၎င်းက ပြောကြားသည်။

ဓာတ်ဆီနှင့် ဒီဇယ်တို့ကြောင့် လေထုညစ်ညမ်းမှုကို ဖြစ်စေကြောင်း ဒေလီမြို့ရှိ ပြည်သူများကို ပြောပြထားရန် လိုအပ်မည်ဟုလည်း ဝန်ကြီးက ထည့်သွင်း ပြောကြားသည်။

ယာဉ်များအတွက် အစားထိုး အခြား လောင်စာများ အသုံးပြုရေးနှင့် ပတ်သက်၍ ဝန်ကြီးက “ပြည်ပက ရေနံစိမ်း တင်သွင်းရခြင်းကို လျှော့ချနိုင်ဖို့ အီသနောနဲ့ အခြား သန့်စင်တဲ့ ပြည်တွင်းဖြစ် လောင်စာတွေ ထုတ်လုပ်ဖို့ ရင်းနှီးမြှုပ်နှံသူတွေကို တိုက်တွန်းခဲ့ပါတယ်” ဟု ပြောကြားသည်။

အနာဂါတ်တွင် နိုင်ငံ၏ အများပြည်သူ သယ်ယူပို့ဆောင်ရေး လုပ်ငန်းများ၌ အပြောင်းအလဲတစ်ရပ် ရှိလာမည် ဖြစ်ကြောင်းနှင့် အခြားလောင်စာကို အစားထိုး သုံးစွဲမှု ရှိလာမည်ဟု ဂက်ကာရီက ပြောကြားသည်။

“လျှပ်စစ်ယာဉ်တွေမှာဆိုရင် လစ်သီယမ်ဘက်ထရီတွေကို သုံးနေပါတယ်။ လိုအပ်တဲ့ လစ်သီယမ်ဘက်ထရီ ၈၀ရာခိုင်နှုန်းခန့်ကို ပြည်တွင်းမှာ ထုတ်လုပ်နေပါတယ်။ လာမည့် ၆ လမှာ ၁၀၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်သွားနိုင်ပြီး ကုန်ကျစရိတ်လည်း လျော့ကျပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

နို်ငငံပိုင် လျှပ်စစ်ဓာတ်အားပေး လုပ်ငန်းသည် အရှုံးပေါ်နေကောင်း ဝန်ကြီးချုပ်က ပြောကြားသည်။

“နိုင်ငံပိုင် လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီတွေ အခြေအနေဆိုးနေပါတယ်။ အရှုံးခံပြီး လုပ်နေရပါတယ်။ လျှပ်စစ်ဓာတ်အားကဏ္ဍရဲ့ အခြေအနေတစ်ရပ်က ပိုထုတ်လေ ပိုရှုံးလေ၊ မထုတ်ရင် မရှံး” ဟု ၎င်းက ပြောကြားသည်။

“မကြာတော့မည့် အနာဂါတ်တွင် အိန္ဒိယအနေဖြင့် နိုင်ငံစီးပွားရေး တိုးတက်လာခြင်းနှင့်အတူ ဓာတ်အား ပိုမိုလိုအပ်လာမှာ ဖြစ်ပါတယ်။ ဒီဇင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်၊ ဧပြီနဲ့ မေလတွေမှာ ဓာတ်အားမလုံလောက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်” ဟု ၎င်းက ထည့်သွင်း ပြောကြားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly