မိုင်တဲလ် ကုမ္ပဏီ အကြီးအကဲ ရန်ကုန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

မိုင်တဲလ် ကုမ္ပဏီ အကြီးအကဲ ရန်ကုန်တွင် သေနတ်ဖြင့် ပစ်သတ်ခံရ

နိုဝင်ဘာ ၄

ရန်ကုန်မြို့၊ မရမ်းကုန်းမြို့နယ်၊ ခုနှစ်မိုင်ရှိ တေးနုယဉ်လမ်းတွင် နေထိုင်သော မိုင်တဲကုမ္ပဏီ၏ Chief Financial Officer ဗိုလ်မှူးဟောင်း ဦးသိန်းအောင်ကို သေနတ်ဖြင့် ပစ်သတ်ခဲ့ကြောင်း ရန်ကုန်မြို့ပြ ပြောက်ကျားအဖွဲ့ တစ်ဖွဲ့က မဇ္စျိမကို အတည်ပြု ပြောဆိုသည်။

ယနေ့ နိုဝင်ဘာ ၄ ရက် နံနက် ၇ နာရီ မိနစ် ၃၀ အချိန်တွင် ဦးသိန်းအောင်နှင့် ဇနီးတို့ လမ်းလျှောက် ထွက်လာစဉ် ၎င်းတို့နေထိုင်ရာ တေးနုယဉ်လမ်း၌ သေနတ်ဖြင့် ပစ်သတ်ခံခဲ့ရခြင်း ဖြစ်သည်။

ပစ်သတ်ခဲ့သည့် ဖြစ်စဉ် အသေးစိတ်ကိုမူ မပြောလိုဟု ပြောက်ကျားတပ်ဖွဲ့ဝင် တစ်ဦးက ပြောသည်။

"တေးနုယဉ်လမ်းမှာ စစ်ဗိုလ်မှူးဟောင်း မိုင်တဲ ဆက်သွယ်ရေး အရာရှိ လင်မယား ဒီကနေ့ မနက် သေနတ်နဲ့ ပစ်သတ်ခံရတယ်လို့ ကြားပါတယ်။ ဗိုလ်မှူးဟောင်းကတော့ ပွဲချင်းပြီး သေဆုံးသွားတယ်။ သူနဲ့အတူပါလာတဲ့ ဇနီးဖြစ်သူကတော့ ဒဏ်ရာ ရရှိခဲ့တယ်လို့ သိရတယ်" ဟု မရမ်းကုန်းမြို့နယ်မှ ပြည်သူတစ်ဦးက ပြောသည်။

ဦးသိန်းအောင်သည် တပ်မတော် အရာရှိဟောင်းတစ်ဦး ဖြစ်ပြီး ရေတပ်တွင် ဗိုလ်မှူးရာထူးထိ တာဝန်ထမ်းဆောင်ခဲ့ကာ မိုင်တဲ ကုမ္ပဏီ စတင် ထူထောင်ချိန်မှ စတင်ပြီး Chief Finance Officer အဖြစ် တာဝန်ထမ်းဆောင်နေသူလည်း ဖြစ်သည်။

လက်ရှိအချိန်တွင် အသတ်ခံရမှု ဖြစ်ပွားခဲ့သော အဆိုပါလမ်းနှင့် ရပ်ကွက်ကို စစ်ကောင်စီ တပ်များက ပိတ်ဆို့ စစ်ဆေးလျက်ရှိကြောင်း ဒေသခံများထံမှ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required