ရဲ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရသည့် ကျောက်ဝိုင်းပေါက်ကွဲမှု BPOအဖွဲ့ ဖောက်ခွဲခြင်းဖြစ်

ရဲ ၁ ဦးသေ၊ ၁ ဦး ဒဏ်ရာရသည့် ကျောက်ဝိုင်းပေါက်ကွဲမှု BPOအဖွဲ့ ဖောက်ခွဲခြင်းဖြစ်

နိုဝင်ဘာ ၄

မန္တလေးမြို့ ၊ မဟာအောင်မြေ ကျောက်မျက်ရတနာ ရောင်းဝယ်ရေးစခန်း၌ ဗုံးပေါက်ကွဲခဲ့ပြီး ရဲတပ်ကြပ် တစ်ဦး သေဆုံးကာ ဒုရဲအုပ်တစ်ဦး ဒဏ်ရာ ရသွားကြောင်း ဖောက်ခွဲမှုကို လုပ်ဆောင်ခဲ့သည့် ဗမာ့ဇာမဏီအဖွဲ့ (BPO) အဖွဲ့ထံမှ သိရသည်။

ကျောက်ဝိုင်း အနောက်မြောက်ထောင့် အိမ်သာအနီးရှိ စစ်ကောင်စီ တပ်ကင်းစခန်းကို BPO ၏ မြို့ပြစစ်ဆင်ရေးကော်မတီက ယနေ့ နိုဝင်ဘာလ ၄ ရက် နံနက် ၆ နာရီ မိနစ် ၃၀ ခန့်တွင် လက်ပစ်ဗုံး တစ်လုံး ပစ်သွင်း ဖောက်ခွဲခဲ့ခြင်း ဖြစ်သည်။

"ဒီမနက် မန္တလေးကျောက်ဝိုင်း ပေါက်ကွဲမှုက ကျွန်‌တော်တို့ BPO မြို့ပြစစ်ဆင်ရေးကော်မတီက ဖောက်ခွဲတာပါ။ အဲဒီဖောက်ခွဲမှုမှာ ရဲတပ်ကြပ်တစ်ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦး ဒဏ်ရာ ရရှိခဲ့ပါတယ်။ စစ်ကောင်စီက ကျောက်မျက်ဈေးကို ဖွင့်ဖို့ စာထုတ်ခဲ့တဲ့အတွက် ကျွန်တော်တို့ ဗမာ့ ဇာမဏီအဖွဲ့ က တုံ့ပြန်ခဲ့ခြင်း ဖြစ်ပါတယ် " ဟု BPO အဖွဲ့၏ ပြန်ကြားရေး တာဝန်ခံက မဇ္စျိမကို ပြောသည်။

"မနက်အစောကြီး ပေါက်ကွဲသံ ကြားတယ်။ ဘေးနားပတ်ဝန်းကျင်မှာ လူရှင်းနေတော့ ပြည်သူတွေ မထိဘူး။ စစ်ကောင်စီဘက်က နှစ်ယောက်ပဲ ထိသွားတာ"ဟု အနီးပတ်ဝန်းကျင်တွင် နေထိုင်သူ တစ်ဦးကလည်း ပြောသည်။

ဗမာ့ဇာမဏီအဖွဲ့သည် စစ်ကောင်စီ၏ ထောက်တိုင်များဖြစ်သည့် စစ်အုပ်စုပိုင် စီးပွားရေး လုပ်ငန်းများ၊ စစ်ကောင်စီ သတင်းပေး ဒလန်များ၊ စစ်ကောင်စီ တပ်စွဲထားသည့် ရပ်/ကျေး အုပ်ချုပ်ရေးမှူးရုံးများအား ဆက်လက် တိုက်ခိုက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် ထားသည်။

အောက်တိုဘာ ၁၉ ရက်ကလည်း မန္တလေးကျောက်ဝိုင်း အနောက်ဘက် အဝင်ပေါက် အနီး ပေါက်ကွဲမှု တစ်ခု ဖြစ်ပွားခဲ့သေးသည်။

အဆိုပါ ဖောက်ခွဲမှုကို GZP ပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ လက်အောက်တွင် ကျောက်ဝိုင်းကို မဖွင့်လှစ်ရန် သတိပေး ဖောက်ခွဲခြင်း ဖြစ်သည်ဟု ထုတ်ပြန်ထားသည်။

ပုံစာ - မန္တလေးကျောက်ဝိုင်း အရှေ့ဘက်မြင်ကွင်း။ (ပုံဟောင်း)

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required