မြန်မာ့အရေး စိုးရိမ်ပူပန်မှုရှိသော်ငြား မြန်မာပါသည့် အာရှကုန်သွယ်ရေးစာချုပ်တွင် သြစတြေးလျ လက်မှတ်ထိုး

မြန်မာ့အရေး စိုးရိမ်ပူပန်မှုရှိသော်ငြား မြန်မာပါသည့် အာရှကုန်သွယ်ရေးစာချုပ်တွင် သြစတြေးလျ လက်မှတ်ထိုး

နိုဝင်ဘာ ၃

အာရှ-ပစိဖိတ်နိုင်ငံများနှင့်အတူ ကြီးမားသည့် လွတ်လပ်သော ကုန်သွယ်ရေး သဘောတူစာချုပ်တစ်ရပ်တွင်  သြစတြေးလျက ပါဝင်အတည်ပြုလက်မှတ်ထိုးခဲ့သည်။ သို့သော် ယခုလုပ်ဆောင်ချက်အရ မြန်မာနိုင်ငံ၏ လက်ရှိ နိုင်ငံရေးအခြေအနေနှင့်ပတ်သက်၍ မိမိတို့အစိုးရ၏ "စိုးရိမ်ပူပန်မှု" များသည် မပြောင်းမလဲ ဆက်ရှိနေမည်ဖြစ်ကြောင်း သြစတြေးလျက ပြောသွားခဲ့သည်။ အဆိုပါကုန်သွယ်ရေး သဘောတူစာချုပ်တွင် မြန်မာလည်း ပါဝင်လက်မှတ်ထိုးထားသည်။

ဒေသတွင်း ဘက်စုံ စီးပွားရေးပူးပေါင်းဆောင်ရွက်မှု သဘောတူစာချုပ် RCEP သည် ပါဝင်လက်မှတ်ထိုးသူ ၁၅ နိုင်ငံစလုံးအတွက် အသက်ဝင်လာချိန်တွင် ယင်းသည် ကမ္ဘာ့အကြီးဆုံး ကုန်သွယ်ရေး သဘောတူစာချုပ် ဖြစ်လာမည်ဖြစ်ပြီး လူဦးရေ ၂ ဒသမ ၂ ဘီလီယံကို လွှမ်းခြုံကာ ကမ္ဘာ့ စီးပွားရေး ထုတ်လုပ်ပေးမှု ပမာဏ၏ ၂၉ ရာခိုင်နှုန်း ရှိမည် ဖြစ်သည်။

သဘောတူစာချုပ်တွင် ပါဝင်သည့် ၁၅ နိုင်ငံမှာ မြန်မာ၊ ဗီယက်နမ်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ မလေးရှား၊ စင်ကာပူ၊ အင်ဒိုနီးရှား၊ ဘရူးနိုင်း တို့နှင့်အတူ သြစတြေးလျ၊ တရုတ်၊ ဂျပန်၊ နယူးဇီလန်နှင့် တောင်ကိုရီးယားတို့ ဖြစ်ကြသည်။

သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး နှင့် ကုန်သွယ်ရေးဝန်ကြီး ဒန် တီဟန်တို့ နိုဝင်ဘာ ၂ ရက်က ပူးတွဲထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့ရာတွင် RCEP စာချုပ်ကို အတည်ပြုလက်မှတ်ထိုးခြင်းအားဖြင့် "စိုက်ပျိုးရေးသမားများနှင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ကမ္ဘာ့အကြီးဆုံး လွတ်လပ်သည့် ကုန်သွယ်ရေး သဘောတူစာချုပ်၏ အကျိုးကျေးဇူးများကို ရရှိနိုင်ကြလိမ့်မည်" ဟု ပြောခဲ့သည်။

သြစတြေးလျ စီးပွားရေးလုပ်ငန်းများအနေဖြင့် နိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ဘက် ပါတနာ ၁၅ နိုင်ငံအနက် ကိုးနိုင်ငံကို တစ်ခုတည်းသော စီးပွားရေးမူဘောင်တစ်ခုအတွင်း ရောက်စေသည့် သဘောတူစာချုပ်ကို ၂၀၂၂ ဇန်နဝါရီ ၁ ရက်မှစပြီး ချိတ်ဆက်ပတ်သက်နိုင်ခွင့် ရလိမ့်မည်ဖြစ်သည်။

"RCEP ဟာ အာဆီယံနဲ့အကြား သြစတြေးလျရဲ့ ကုန်သွယ်ရေး ဆက်ဆံမှုကို အားကောင်းစေမှာ ဖြစ်ပြီး အာဆီယံ ဦးဆောင်တဲ့ ဒေသတွင်း စီးပွားရေး ဖွဲ့စည်းတည်ဆောက်ပုံအပေါ် မိမိတို့ရဲ့ နှစ်မြှုပ်ကတိပြုမှုကို အချက်ပေးပြသလိုက်တာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

သို့သော် သြစတြေးလျ အလုပ်သမား အစည်းအရုံးများ ကောင်စီ (ACTU) က အဆိုပါ RCEP စာချုပ်တွင် သြစတြေးလျ ပါဝင် လက်မှတ်မထိုးရေး မော်ရစ်ဆင် အစိုးရကို တိုက်တွန်းထားခဲ့သည်။ ယင်းသည် တံခါးပိတ်ညှိနှိုင်းဆွေးနွေးခဲ့သည့် သမိုင်းတွင် အကြီးဆုံး ကုန်သွယ်ရေး စာချုပ်ဖြစ်ပြီး ယင်းသဘောတူညီချက်က သြစတြေးလျလုပ်သားများအတွက် အကျိုးဖြစ်စေလိမ့်မည် ဆိုသည့် သက်သေအထောက်အထား မရှိဟု ACTU က ပြောသည်။

RCEP စာချုပ်တွင် သြစတြေးလျ ပါဝင် လက်မှတ်ထိုးခြင်းအားဖြင့် ယင်းက မြန်မာအာဏာသိမ်းစစ်အုပ်စုကို ငွေကြေး အထောက်အပံ့ ဖြစ်စေမည်ဖြစ်သလို အသိအမှတ်ပြုသလိုဖြစ်စေလိမ့်မည်ဟု ACTU ဥက္ကဋ္ဌ မီရှဲလ် အိုနေးလ်က ပြောသည်။

သို့သော် နိုင်ငံခြားရေးဝန်ကြီး မာရိုက် ပေး နှင့် ကုန်သွယ်ရေး ဝန်ကြီး မစ္စတာ တီဟန် တို့က RCEP စာချုပ်တွင် သြစတြေးလျ ပါဝင်လက်မှတ်ထိုးမှုအရ မြန်မာအပေါ် ထားသည့် သြစတြေးလျအစိုးရ၏ သဘောထားပိုင်းတွင် အပြောင်းအလဲမရှိဟု ပြောခဲ့သည်။

မြန်မာနိုင်ငံတွင် ဖေဖေါ်ဝါရီ ၁ ရက် စစ်အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်း စစ်အာဏာသိမ်းမှု ဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် မငြိမ်မသက်မှုများ ဖြစ်ထားခဲ့သည်။

"မြန်မာ အာဏာသိမ်းစစ်ကောင်စီ လုံခြုံရေးတပ်ဖွဲ့များဘက်က အရပ်သားများအပေါ် အကြမ်းဖက်နှိပ်ကွပ်နေမှုကို ရပ်ဆိုင်းရန်၊ ဆွေးနွေးညှိနှိုင်းမှုများတွင် ပါဝင်ရန်၊ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ် အပါအဝင် မတရား ထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ရန် မိမိတို့ တောင်းဆိုသည်" ဟု သြစတြေးလျ နိုင်ငံခြားရေးဝန်ကြီး မာရိုက်စ် ပေး နှင့် ကုန်သွယ်ရေးဝန်ကြီး ဒန် တီဟန်တို့၏ ထုတ်ပြန်ချက်တွင် ပါရှိသည်။

"မြန်မာ အကျပ်အတည်း ဖြေရှင်းရေး အာဆီယံ၏ ဦးဆောင်ကြိုးပမ်းမှုကို မိမိတို့ အစိုးရဘက်က အခိုင်အမာ ထောက်ခံသည်၊ အကျပ်အတည်း ပြေလည်စေအောင် ဖြေရှင်းနိုင်ရေးအတွက် ဒေသတွင်း အားထုတ်မှုများကို ထောက်ကူရန် အာဆီယံ၊ တခြား ပါတနာများနှင့်အတူ မိမိတို့ ဆက်လက် လက်တွဲလုပ်ဆောင်သွားမည်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required