ပါကစ္စတန်အစိုးရကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြရေး အတိုက်အခံပါတီ တိုက်တွန်း

By Islamkhabar
03 November 2021
ပါကစ္စတန်အစိုးရကို ပြည်သူများ ဆန့်ကျင်ဆန္ဒပြရေး အတိုက်အခံပါတီ တိုက်တွန်း

ပါကစ္စတန်တွင် ကုန်စျေးနှုန်းတက်မှုနှင့် အလုပ်လက်မဲ့မှုနှုန်း မြင့်တက်နေမှုနှင့်ပတ်သက်ပြီး ဝန်ကြီးချုပ် အီမရန် ခန်း ဦးဆောင်သော အစိုးရအပေါ် အတိုက်အခံပါတီက အပြင်းအထန်ဝေဖန်ပြစ်တင်မှု ထပ်မံလုပ်ဆောင်ခဲ့သည်။

လက်ရှိအစိုးရအနေဖြင့် လုံးလုံးလျားလျား အနားယူရန် လိုနေပြီဟု ပါကစ္စတန်အတိုက်အခံပါတီ မွတ်ဆလင်အဖွဲ့ချုပ်-နာဝက်ဇ် (PML-N) က အလေးပေး ပြောခဲ့သည်။ ထို့ပြင် နိုင်ငံတွင်းရှိ ပြည်သူများ နေအိမ်များကနေ ထွက်လာပြီး နိုင်ငံတွင် "နိုင်လိုမင်းထက် ပြုမူနေသော" အစိုးရကို နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒထုတ်ဖော်ကာ "ပြိုလဲနေသည့် နံရံများ" ကို အပြီးသတ်တွန်းလှဲကြရန် (PML-N) က တိုက်တွန်းဆော်သြခဲ့သည်။

နိုင်ငံသည် လက်ရှိတွင် ကုန်စျေးနှုန်း တက်မှု၊ စီးပွားရေးကပ်ဘေးနှင့် အလုပ်လက်မဲ့မှုတို့ဒဏ် ဖိစီးခံစားနေရပြီး နိုင်ငံတွင် ဆင်းရဲနွမ်းပါးသူများသာမက လူလတ်တန်းစားများပါ အစိုးရမူဝါဒများကြောင့် ထိခိုက်ခံစားနေကြရသည်ကို အီမရန် ခန်း အစိုးရ နားလည်သဘောပေါက်ခြင်း မရှိကြောင်း (PML-N) က ပြောသည်။

"လက်ရှိ အစိုးရဟာ လုံးလုံးလျားလျား အနားယူဖို့ လိုနေပါပြီ၊ ဒီနိုင်ငံကို ပြဿနာနွံတောထဲကနေ လွတ်မြောက်အောင် ဆွဲထုတ်ဖို့အတွက် လေးလေးနက်နက်ရှိတဲ့၊ လုပ်နိုင်စွမ်းရှိတဲ့၊ ရိုးဖြောင့်တဲ့ အဖွဲ့တစ်ခုကို လိုနေပါပြီ" ဟု (PML-N) က အောက်တိုဘာ ၂၄ ရက်က တွစ်တာတွင် ရေးခဲ့သည်။

"ဒီ နိုင်လိုမင်းထက်ပြုတဲ့ အစိုးရကို ဖယ်ရှားဖို့အတွက် တနိုင်ငံလုံးမှာရှိတဲ့ ပြည်သူတရပ်လုံး ကိုယ့်အိမ်တွေထဲကနေ ထွက်ပြီး တိကျပြတ်သားတဲ့ လုပ်ဆောင်ချက်ကို လုပ်ကြရပါလိမ့်မယ်" ဟု (PML-N) က ပြောသည်။

ထို့ပြင် " ကုန်စျေးနှုန်း တက်မှု၏ ဖိစီးနှိပ်စက်မှု" အပေါ် နိုင်ငံတဝန်း ဆန့်ကျင်ဆန္ဒပြရာတွင် လူ့အဖွဲ့အစည်းမှ နယ်ပယ်စုံအားလုံးက အပြည့်အဝ ပူးပေါင်းပါဝင်ကြရန်လည်း ယင်းက တောင်းဆိုခဲ့သည်။

နာဝက်ရှာ၊ ဒါဒူ ၊ သက်တာ၊ ဆူဂျ်ဝယ်လ်၊ မစ်သီ နှင့် ဟယ်လာတို့ အပါအဝင် ဆင်းန်ပြည်နယ်ရှိ မြို့ကြီးများ၌ အောက်တိုဘာ ၂၄ ရက်က ဆန္ဒထုတ်ဖော်မှုများ လုပ်ဆောင်သွားရန် ရှိသည်။

IMF နှင့်အကြား ဆွေးနွေးမှုများ မတိုင်ခင် ဘဏ္ဍာရေးဝန်ကြီး၏ အကြံပေးဖြစ်သူ ထွက်ခွာမှုကို ရည်ညွှန်းရင်း "ဥပဒေနဲ့ အမိန့်ညွှန်ကြားချက်၊ ခရီးသွား တို့အပါအဝင် အခြား အရေးကြီးတဲ့ကိစ္စတွေနဲ့ပတ်သက်လို့ ဝန်ကြီးတွေ နားရက်ယူတာက ဒီ အစိုးရရဲ့ အလေးအနက်ထားမှု မရှိတာကို ပြသနေပါတယ်" ဟု (PML-N) က ပြောသည်။

လက်ရှိအစိုးရသည် ကုန်စျေးနှုန်း တက်မှုနှင့် စီးပွားရေးကပ်ဘေးတို့ကနေတဆင့် အမျိုးသား လုံခြုံရေးကို အန္တရာယ်ဖြစ်စေလျက်ရှိကြောင်း (PML-N) ၏ အကြီးအကဲ ရှာဘက်ဇ် ရှာရစ်ဖ်က စွပ်စွဲသွားခဲ့သည်။

"ပါကစ္စတန် စီးပွားရေး၊ ပြည်သူလူထုနဲ့ လက်ရှိ အစိုးရ တို့ တစ်ခုကိုပဲ ရွေးရပါလိမ့်မယ်၊ ဒီ အစိုးရလက်အောက်မှာ မိနစ်တိုင်းမှာ နိုင်ငံအတွက် ဒေါ်လာဘီလီယံချီ ဆုံးရှုံးနစ်နာစေလျက် ရှိပါတယ်" ဟု အတိုက်အခံပါတီက တွစ်တာတွင် ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly