ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အိန္ဒိယရေတပ်သင်္ဘော ၆ စင်း သီရိလင်္ကာသို့ ရောက်ရှိ

By NDTV
03 November 2021
ကာကွယ်ရေးပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် အိန္ဒိယရေတပ်သင်္ဘော ၆ စင်း သီရိလင်္ကာသို့ ရောက်ရှိ

အိန္ဒိယရေတပ်၏ လေ့ကျင့်သင်ကြားရေး ရေယာဥ်စု၏ သင်္ဘောခြောက်စင်းသည် ပထမဆုံးအကြိမ်အဖြစ် သီရိလင်္ကာနိုင်ငံသို့ လေးရက်တာ ခရီးစဥ် ရောက်ရှိခဲ့သည်။ ယင်းသည် နှစ်နိုင်ငံအကြား စစ်ဘက်ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများကို ထပ်မံ မြှင့်တင်ရန်နှင့် နှစ်ဘက် တပ်ဖွဲ့များအကြား အပြန်အလှန် ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ရည်ရွယ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

အိန္ဒိယသင်္ဘောများသည် သီရိလင်္ကာ ရေတပ်သင်္ဘောများနှင့်အကြား လေ့ကျင့်မှုများ လုပ်ဆောင်ရန် ကိုလံဘိုနှင့် ထရီကိုမာလီ ဆိပ်ကမ်းများသို့ ဆိုက်ရောက်ခဲ့ကြသည်။

"ဒီ ခရီးစဥ်ဟာ နှစ်နိုင်ငံ ဆက်ဆံရေး သမိုင်းမှာ သမိုင်းမှတ်တိုင်တစ်ခု ဖြစ်ပါတယ်၊ ဒီနေရာမှာ ဒါဟာ ပထမဆုံးအကြိမ်အဖြစ် အိန္ဒိယရေတပ်သင်္ဘော အစင်းရေ အများဆုံး သီရိလင်္ကာကို ရောက်ရှိလာခဲ့တာဖြစ်ပါတယ်" ဟု အိန္ဒိယသံရုံးက ထုတ်ပြန်ချက်တစ်စောင်တွင် ပြောသည်။

"လေ့ကျင့်မှုတွေဟာ အိန္ဒိယ-သီရိလင်္ကာ နှစ်နိုင်ငံ ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေရဲ့ အားအကောင်းဆုံးနဲ့ အဓွန့်ရှည် အတည်တံ့ဆုံး အပိုင်းတွေအနက်က တစ်ခုဖြစ်ပါတယ်၊ ဒီ ခရီးစဥ်ဟာ အလားတူအတိုင်းပဲ နောက်ထပ် တွန်းအားတစ်ခုကို ပံ့ပိုးပေးပါလိမ့်မယ်၊ နှစ်နိုင်ငံ ပြည်သူအချင်းချင်းအကြား ဆက်သွယ်မှုတွေကို တိုးမြှင့်ဖို့ အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာ မိုဒီနဲ့ သီရိလင်္ကာသမ္မတ ဂေါ့တာဘာယာ ရာဂျာပက်ဆာ တို့ရဲ့ အမြင်သဘောထားနဲ့အတူ ဒီ ခရီးစဥ်ဟာ နှစ်နိုင်ငံစလုံးရဲ့ စစ်ဘက် အမှုထမ်းတွေအကြား တစ်ဦးနဲ့တစ်ဦး ရဲဘော်ရဲဘက်စိတ်ရှိမှုနဲ့ ချစ်ကြည်မှုတို့ဆိုင်ရာ ရှိရင်းစွဲ အနှောင်အဖွဲ့တွေကို ပိုမိုအားကောင်းစေဖို့ ပံ့ပိုးထောက်ကူပေးမှာဖြစ်ပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ယခု ရေတပ်သင်္ဘောများ ဖြန့်ကျက်မှုက လူငယ်အရာရှိများနှင့် သင်တန်းသား အရာရှိများကို အိန္ဒိယ သမုဒ္ဒရာ ဒေသတွင်းရှိ မတူညီသော နိုင်ငံများ၏ လူမှုူ-နိုင်ငံရေး၊ ပင်လယ်ရေကြောင်း ရှုထောင့်တို့နှင့်အကြား ထိတွေ့စေခြင်းအားဖြင့် အမြင်ကျယ်စေရန် ရည်ရွယ်သည်။ ထို့ပြင် ယခု သင်္ဘောများ ဖြန့်ကျက်မှုက သင်္ဘောများပေါ်တွင် ပါလာသည့် သင်တန်းသားများကို ပင်လယ်ပြင်အတွင်း ပြောင်းလဲဖြစ်ပေါ်မှုများအတွင်း IN စစ်သင်္ဘောများ၏ လုပ်ဆောင်ပုံကို သိရှိစေနိုင်မည်ဖြစ်သလို ဆိပ်ကမ်းဆိုင်ရာ အကျွမ်းဝင်မှု ရှိစေနိုင်မည် ဖြစ်ကာ ပြည်ပနိုင်ငံများနှင့်အကြား ရင်းနှီးချစ်ကြည်မှု ပေါင်းကူးတံတားများကို တွန်းအားပေးနိုင်မည် ဖြစ်သည်။

သီရိလင်္ကာကျွန်းနိုင်ငံသို့ တရုတ်က တိုးမြှင့် ချဥ်းနင်းပတ်သက်မှုများ ရှိနေခဲ့ပြီး ကာကွယ်ရေးဆိုင်ရာ ဆက်ဆံမှုများ မြှင့်တင်ရန် ပေကျင်းဘက်က အားထုတ်နေသည့်အချိန်တွင် ယခု အိန္ဒိယ ရေတပ်သင်္ဘော ခြောက်စင်း သီရိလင်္ကာသို့ လာရောက်မှု ခရီးစဥ် ဖြစ်ပေါ်လာခြင်းဖြစ်သည်။ သီရိလင်္ကာသည် တရုတ်၏ ခါးပတ်တစ်ကွင်း၊ လမ်းတစ်စင်း စီမံကိန်း (BRI) အောက်တွင် အရေးပါသည့် အခန်း ကဏ္ဍကနေ ပါဝင်ဖွယ် ရှိပြီး အဆိုပါ BRI သည် ပေကျင်းအစိုးရက ယင်း၏ သြဇာကို တိုးမြှင့်ရန်နှင့် ဒေသချင်းချိတ်ဆက် ဆက်သွယ်မှုကို မြှင့်တင်ရန် ဖော်ဆောင်နေသည့် ရည်မှန်းချက်ကြီးမားသော ကမ္ဘာလုံးဆိုင်ရာ အခြေခံအဆောက်အအုံ ဖော်ဆောင်ရေး မဟာဗျူဟာတစ်ခုဖြစ်သည်။

သင်္ဘောများသည် တောင်ပိုင်း ရေတပ် စစ်တိုင်း (SNC) ၏ သင်္ဘောများဖြစ်ပြီး SNC သည် အိန္ဒိယရေတပ်၏ လေ့ကျင့်ရေး ဌာနချုပ်ဖြစ်ကာ ယင်းကို ရေတပ်ဒုဗိုလ်ချုပ်ကြီး အေကေ ချောလာ ဦးစီးသည်။

အိန္ဒိယရေတပ်သည် လက်ရှိ ဆယ်စုနှစ်လေးစုကျော်ကြာ နိုင်ငံတကာသင်တန်းသားများကို လေ့ကျင့်သင်ကြားမှုများ ပေးနေခဲ့သည်။ သီရိလင်္ကာမှ အရာရှိများနှင့် သင်္ဘောသား အများအပြားသည် SNC ၌ အခြေခံမှ အဆင့်မြင့်အထိ ရှိသည့် သင်တန်းများတွင် တက်ရောက်လေ့လာသင်ကြားနေကြသည်။

စစ်သင်္ဘောများ လေးရက်ကြာ ဖြန့်ကျက်မှုအတွင်း Magar နှင့် Shardul တို့သည် 101 IOTC ၏ သင်တန်းသားများနှင့်အတူ ကိုလံဘို ဆိပ်ကမ်းသို့ သွားရောက်မည်ဖြစ်ပြီး တချိန်တည်းမှာပင် IN သင်္ဘောများဖြစ်သည့် Sujata ၊ Sudarshini ၊ Tarangini, နှင့် CGS Vikram တို့သည် 100th IOTC သင်တန်းသားများနှင့်အတူ ထရီကိုမာလီကို သွားရောက်မည်ဖြစ်သည်။

နှစ်ဘက် စစ်တပ်များအကြား အပြန်အလှန် ချိတ်ဆက်ပူးပေါင်းမှုများကို တိုးမြှင့်ရန် ရည်ရွယ်ချက်နှင့်အတူ နှစ်နိုင်ငံ ရေတပ်များအကြား အမျိုးမျိုးသော လေ့ကျင့်လုပ်ဆောင်မှုများကို လုပ်ဆောင်သွားရန် စီစဥ်ထားကြောင်း နယူးဒေလီရှိ ကာကွယ်ရေးဝန်ကြီးဌာန၏ တရားဝင်သတင်းထုတ်ပြန်ချက်တစ်ရပ်အရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly