ပွင့်လင်းမြင်သာမှုမရှိတဲ့ စက်ရုံစီမံခန့်ခွဲမှုတွေကြောင့် အလုပ်သမားတွေ နစ်နာ (ဆောင်းပါး)

ပွင့်လင်းမြင်သာမှုမရှိတဲ့ စက်ရုံစီမံခန့်ခွဲမှုတွေကြောင့် အလုပ်သမားတွေ နစ်နာ (ဆောင်းပါး)

နိုဝင်ဘာ ၃

ရန်ကုန်မြို့ တောင်ဒဂုံစက်မှုဇုန် (၁) ရဲ့ မိုးကုတ်လမ်းမပေါ်မှာရှိတဲ့ EURO GATE အထည်ချုပ်စက်ရုံဟာ တိတ်ဆိတ်လို့ နေပါတယ်။

ငြိမ်သတ်နေပုံက ပြီးခဲ့တဲ့ ၂၀၂၀ ခုနှစ် ဧပြီလ ၉ရက်နေ့ ဒီနေရာမှာ လူ၇၀၀ကျော်ရဲ့ တောင်းဆိုသံတွေ မကျေနပ်သံတွေနဲ့ ရုတ်ရုတ်သဲသဲဖြစ်ရပ်တွေ မရှိခဲ့သလိုပါဘဲ။ အနီးဝန်းကျင်နဲ့ ဒီဖြစ်ရပ်အကြောင်း ကြားသိမိသူတွေကတော့ တစ်ခါတုန်းက တောင်းဆို ဆူညံသံတွေကို မေ့နေကြလောက်ပါပြီ။

ဒါပေမဲ့ EURO GATE အထည်ချုပ်စက်ရုံက အလုပ်သမားတွေတော့ မမေ့နိုင်ကြသေးပါဘူး။ ဘာကြောင့်လဲဆိုတော့ စက်ရုံ အလုပ်သမားတွေက နှစ်နဲ့ချီကြာလာတဲ့အထိ ရစရာရှိတဲ့ လုပ်အားခတွေ မရနိုင်ကြသေးလို့ပါ။

EURO GATE အထည်ချုပ်စက်ရုံမှာ အလုပ်လုပ်ခဲ့ဖူးတဲ့ စက်ရုံလုပ်သားတစ်ဦးက “စက်ရုံပိတ်သွားတာ တစ်နှစ်နဲ့ ခုနှစ်လ ရှိပြီ။ ကျွန်တော်အခုချိန်အထိ တခြားအလုပ်တစ်ခု မရသေးဘူး။ ကျွန်တော်တို့က စက်ရုံလည်း အပိတ်ခံရတယ်။ လစာတွေ၊ လျော်ကြေးတွေလည်း ဘာဆိုဘာမှ မရတဲ့အပြင် တခြားအလုပ်လျှောက်တော့လည်း ဒီစက်ရုံက လူမို့ ဆန္ဒပြခဲ့တဲ့လူတွေဆိုပြီး အလုပ်မခန့်ကြဘူး” လို့ ပြောပြပါတယ်။

“အလုပ်က ကြုံရာကျပန်း လိုက်လုပ်နေရတယ်။ ဒီစက်ရုံကို ကျွန်တော်တို့က မေ့ပစ်လိုက်ချင်ပေမဲ့ အခြေအနေတွေက မေ့လို့မရအောင် ဖန်တီးနေသလိုပဲ” လို့ သူက ဆက်ပြောပါတယ်။

EURO GATE အထည်ချုပ်စက်ရုံ လုပ်ငန်းရှင်ဟာ အလုပ်သမား ၇၀၀ ကျော်ရဲ့ ၂၀၂၀ ခုနှစ် မတ်လနဲ့ ဧပြီလ လုပ်ခလစာတွေကို မြန်မာနှစ်သစ်ကူး ရုံးပိတ်ရက်မတိုင်ခင် မပေးချေတဲ့အတွက် ဧပြီ ၉ရက်မှာ အလုပ်သမားတွေ စက်ရုံတွင်း ဆန္ဒထုတ်ဖော်မှု ဖြစ်ပေါ်ခဲ့တာပါ။

ဒီလို ဆန္ဒပြမှုများ ဖြစ်ပေါ်ရာကနေ အလုပ်ရှင်က လစာတစ်ဝက် ပေးခဲ့ပြီး ကျန်ငွေတွေကို ဧပြီ ၂၁ ရက်မှာ ပေးချေမယ်လို့ သက်ဆိုင်ရာလူကြီးများရှေ့မှာ စာချုပ် ချုပ်ဆိုထားခဲ့ပေမယ့် သင်္ကြန်အပြီး ဧပြီ ၂၁ ရက်နေ့က စလို့ စက်ရုံပြန်မဖွင့်တော့တာ အခုချိန်ထိပါပဲ။

စက်ရုံပိုင်ရှင် အစစ်အမှန် ဘယ်သူ ဖြစ်တယ်ဆိုတာကို ဝေခွဲရ ခက်စေတဲ့ အခြေအနေတွေကြောင့် အလုပ်သမားတွေဟာ လုပ်ခလစာ ထုတ်ယူဖို့အတွက် မည်သူ့ကိုတောင်းဆိုရမှာလည်းဆိုတာ ဝေခွဲမရ ဖြစ်ခဲ့ကြပါတယ်။

အစပိုင်းမှာတော့ စက်ရုံပိုင်ရှင် ဂျာမနီနိုင်ငံသား မစ္စတာကိုလာကို ၂၀၂၀ခုနှစ် မေလလယ်လောက်က စပြီး အနည်းဆုံး အခကြေးငွေ ပေးချေရေးဥပဒေနဲ့ အလုပ်သမားတွေက တရားစွဲဆိုထားပေမဲ့ တရားရုံးချိန်းတွေကို တစ်ကြိမ်မျှ လာရောက်ခြင်း မရှိဘဲ ပျောက်ဆုံးသွားခဲ့ပါတယ်။

ဒါပေမဲ့ အလုပ်သမားတွေကတော့ EURO GATE အထည်ချုပ်စက်ရုံဟာ ဂျာမနီနိုင်ငံသားအပြင် မြန်မာနိုင်ငံသားဦးမျိုးဝင်းပါ စပ်တူပိုင်တာဖြစ်တယ်လို့ပြောခဲ့ပြီး ဒီအမှုရဲ့ တရားလိုဖြစ်တဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနကို တရားခံနေရာမှာ ပိုင်ရှင်ပြန်ပြောင်းဖို့ တင်ပြထားခဲ့တယ်လို့ ပြောကြပါတယ်။

“အစ်ကိုတို့ အလုပ်စဝင်ခဲ့ကတည်းက EC စာချုပ် ချုပ်ဆိုတိုင်း အလုပ်ရှင်နေရာမှာ မြန်မာနိုင်ငံသား ဦးမျိုးဝင်းဆိုတာနဲ့ပဲ ချုပ်ဆိုခဲ့ရတာလေ။ အရင်ကတော့ အလုပ်ရှင်နေရာက နေခဲ့ပြီး အခုပြဿနာတွေဖြစ်မှ သူမသိပါဘူး။ သူက အလုပ်ရှင်မဟုတ်ပါဘူးဆိုပြီး ဖြစ်လာတာ” လို့ ဒီအမှုကို လိုက်ပါဆောင်ရွက်ခဲ့ဖူးတဲ့ စက်ရုံအလုပ်သမားက ပြောပါတယ်။

EC စာချုပ်ဆိုတာ Employment Contract လို့ခေါ်တဲ့ အလုပ်သမားတွေရဲ့ လုပ်ငန်းတာဝန်တွေနဲ့ ရပိုင်ခွင့်တွေကို ဖော်ပြထားတဲ့ အလုပ်သမား ခန့်အပ်မှု စာချုပ် ဖြစ်ပါတယ်။

EURO GATE အထည်ချုပ်စက်ရုံပိုင်ရှင်လို့ အလုပ်သမားအများစုက ပြောဆိုနေကြတဲ့ ဦးမျိုးဝင်းကတော့ သူဟာ လုပ်ငန်းပိုင်ရှင်မဟုတ်ဘဲ စက်ရုံနဲ့သာ သက်ဆိုင်တဲ့သူဖြစ်တယ်လို့ ငြင်းဆိုခဲ့ပြီး EC စာချုပ်ကိစ္စမှာတော့ သူက မသိရှိဘဲ HR ဌာနက လူတွေက သူ့ကို အလွဲသုံးစားလုပ်တာလို့လည်း စွပ်စွဲထားပါတယ်။

ဒါနဲ့ ပတ်သက်ပြီး HR ဌာနက တာဝန်ရှိသူကို မေးမြန်းရာမှာတော့ ဦးမျိုးဝင်းကိုပဲ သေချာ မေးစေလိုကြောင်းနဲ့ သူအသိဆုံးပါလို့သာ ဖြေကြားခဲ့ပါတယ်။

မြန်မာနိုင်ငံသား ဦးမျိုးဝင်းက EURO GATE အထည်ချုပ်စက်ရုံလုပ်ငန်းနဲ့ ၎င်းက ဘာမှမသက်ဆိုင်ကြောင်း တဖွဖွပြောဆိုနေပေမဲ့ အမှုရင်ဆိုင်နေရတဲ့ အချိန်အတောအတွင်းမှာ စက်ရုံထဲမှာရှိတဲ့ စက်ချုပ်ပစ္စည်းတွေ အထည်အလိပ်တွေအကုန်လုံးကို လာရောက်ထုတ်ယူသွားခဲ့တယ်လို့ မျက်မြင်တွေ့ခဲ့ရတဲ့ အလုပ်သမားတွေက ပြောပါတယ်။

ဒီလိုလာရောက်ထုတ်ယူတဲ့အပေါ် တရားလိုဖြစ်တဲ့ အလုပ်ရုံနဲ့ အလုပ်သမားဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဦးစီးမှူးဖြစ်သူ ဦးထွန်းထွန်းဝင်းကို သွားရောက်ပြောကြားခဲ့ပေမဲ့ ဒီအကြောင်းနဲ့ပတ်သက်လို့ ဖြေရှင်းပေးမှု မရှိခဲ့ဘူးလို့ သိရပါတယ်။

အလုပ်ရှင်တွေနဲ့ စက်ရုံပိုင် ပစ္စည်းတွေ ရွေ့ပြောင်းခြင်း မလုပ်ဖို့ သက်ဆိုင်ရာ အာဏာပိုင်တွေကို အလုပ်သမားတွေက တောင်းဆိုခဲ့ပေမဲ့ အရေးယူဆောင်ရွက်ပေးတာကိုတော့ မကြုံတွေ့ခဲ့ရပြန်ပါဘူး။

စက်ရုံအတွင်းရှိ ပစ္စည်းတွေ လာရောက်ထုတ်ယူတာကိုမျက်မြင်တွေ့ခဲ့ရတဲ့ အလုပ်သမားတစ်ဦးက “ ဦးစီးမှူးကို သွားပြောခဲ့ပေမဲ့ ဘာမှဖြေရှင်းပေးတာ မရှိခဲ့သလို ဂျာမနီနိုင်ငံသားမထွက်ပြေးခင်က ရုံးဆင့်ခေါ်စာတွေ လုပ်ဖို့ ထိန်းသိမ်းပေးတာဖြစ်ဖြစ် တစ်ခုခု လုပ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုခဲ့ပေမဲ့ သူနေတဲ့နေရာကို မင်းတို့သိရင်ကိုယ်တိုင် စာသွားပေး၊ ကိုယ်တိုင် သွားပြောတဲ့” လို့ ဦးစီးမှူးက ပြောခဲ့တဲ့အကြောင်း ပြန်လည်ပြောပြခဲ့ပါတယ်။

အဆိုပါ EURO GATE အထည်ချုပ်စက်ရုံအမှုရဲ့ တရားလိုဖြစ်တဲ့ အလုပ်ရုံနဲ့ အလုပ်သမား ဥပဒေစစ်ဆေးရေး ဦးစီးဌာနက ဦးစီးမှူးဖြစ်သူ ဦးထွန်းထွန်းဝင်းကို ဆက်သွယ်မေးမြန်းဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့ပေမဲ့ တစ်ကြိမ်မှ ဖြေဆိုခြင်းမရှိခဲ့ပါဘူး။

ဖုန်းတွေဆက်တဲ့အခါ တခြားလူတွေက ဦးစီးမှူး အစည်းအဝေးခန်းထဲ ရောက်နေကြောင်း မအားကြောင်းတွေသာ ထပ်တလဲလဲပြောကြားခဲ့ပြီး ဖုန်းအဝင်ခေါ်ဆိုမှုတွေကိုလည်း ပိတ်ပစ်ခဲ့တာကြောင့် အမှုအခြေအနေနဲ့ ပတ်သက်ပြီး မေးမြန်းခွင့်မရခဲ့ပါဘူး။

လုပ်အား လစာသာ နစ်နာတာမဟုတ်ပါဘူး။ ဒီစက်ရုံက အလုပ်သမားတွေအတွက် လူမှု ဖူလုံရေးကြေးတွေကိုလည်း အလုပ်သမားတွေ လစာက ပုံမှန် ဖြတ်တောက်ခဲ့ပေမယ့် စက်ရုံက သက်ဆိုင်ရာကို ပေးသွင်းဖို့ ပျက်ကွက်ခဲ့ပြန်ပါတယ်။

လူမှုဖူလုံရေးကြေး ပုံမှန်သွင်းထားတဲ့ အလုပ်သမားတွေဟာ အခမဲ့ ဆေးကုသခွင့်ရသလို COVID-19 ကပ်ရောဂါ ကာလမှာ လစာရဲ့ ၄၀%ထောက်ပံ့ငွေကိုလည်း ရကြတာဖြစ်ပါတယ်။

ဒါပေမဲ့ EURO GATE စက်ရုံအလုပ်သမားတွေဟာ လူမှုဖူလုံရေးကြေးတွေကို လစဉ်လတိုင်း ပုံမှန် တစ်လ၂၉၅၀ကျပ် ပေးသွင်းခဲ့ပေမဲ့လည်း စက်ရုံဘက်က လူမှုဖူလုံရေးကို ပေးသွင်းခဲ့မှုမရှိတဲ့အတွက် ဒါနဲ့ပတ်သက်ပြီး အကျိုးခံစားခွင့်တွေလည်း ဘာတစ်ခုမှ ရရှိခဲ့ခြင်း မရှိပါဘူး။

ဒီစက်ရုံမှာ ၁၄ နှစ်ကျော်အလုပ်လုပ်ခဲ့တဲ့ အလုပ်သမားတစ်ဦးက “ကျွန်တော်တို့က လူမှုဖူလုံရေးကြေးကို လတိုင်းကျပ်၂၉၅၀ ပေးရတယ်။ အခုပြဿနာတွေဖြစ်ကာမှ သူတို့က ဒါတွေ မသွင်းထားဘူးဆိုတာ သိရတယ်။ ဒါက ဘယ်လိုဖြစ်ရတာလဲမေးတော့ HRက အလုပ်ရှင်ကိုလွှဲချ၊ အလုပ်ရှင်က HRကို လွှဲချနဲ့” လို့ ပြောပါတယ်။

မြို့နယ်လူမှုဖူလုံရေးအဖွဲ့ကလည်း လူမှုဖူလုံရေးဥပဒေနဲ့ တရားစွဲဆိုထားတယ်လို့ သိရပေမဲ့ အသေးစိတ်အချက်အလက်တွေကိုတော့ ဖြေကြားခွင့်မရှိဘူးလို့ ပြောပါတယ်။

အလုပ်ရှင်ဦးမျိုးဝင်းက စက်ရုံအမှုဖြစ်ပြီး သုံးလလောက်အကြာမှာ မန်နေဂျာက တစ်ဆင့် ဒီအမှုကို လိုက်ပါ ဆောင်ရွက်နေတဲ့ အလုပ်သမားအချို့ကို ညှိနှိုင်းဖို့အတွက်ဆိုပြီး ခေါ်ယူခိုင်းခဲ့သေးတယ်လို့လည်း အလုပ်သမားတွေကပြောပါတယ်။

အဲဒီက စက်ရုံလုပ်သားက“ အဲဒီတုန်းက မန်နေဂျာက ဒီအမှုနောက်ကို အမြဲလိုက်နေတဲ့သူတွေကို ဦးမျိုးဝင်းက ညှိနှိုင်းဖို့ခေါ်ခိုင်းတယ်လို့ ပြောတယ်။ ဒါပေမဲ့ ကျွန်တော်တို့ကလည်း အကုန်လုံးကို ပြောပြလိုက်တာ။ အလုပ်သမားတွေအုံခဲပြီး ရောက်လာတော့ သူလဲ ထွက်မတွေ့တော့ဘူး။ ကျွန်တော်ထင်တာကတော့ အမှုနဲ့ထိတွေ့နေတဲ့ လူ လေးယောက်၊ ငါးယောက်လောက်ကိုပဲ သူကခေါ်ပြီး ညှိနှိုင်းချင်တာ ဖြစ်ပါလိမ့်မယ်” လို့ ပြောပါတယ်။

ဒီလို ခေါ်ယူညှိနှိုင်းမှုမှာ အလုပ်သမားတွေ အများအပြား လာရောက်ခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာတော့ ဒါနဲ့ပတ်သက်လို့ ပြောဆိုလာတာတွေ နောက်ထပ်မရှိတော့ပေမဲ့ အလုပ်ရှင်ဦးမျိုးဝင်းဘက်ကတော့ သူက စက်ရုံနဲ့ပဲ သက်ဆိုင်တာဖြစ်လို့ လုပ်ခလစာရဲ့ ၁၀ရာခိုင်နှုန်းလောက်ကိုသာ လျော်ပေးနိုင်မယ်လို့ ပြောဆိုခဲ့ပါတယ်။

EURO GATE အထည်ချုပ်စက်ရုံက ဘဏ်တချို့မှာလည်း ကျပ်သိန်းထောင်ချီအကြွေးတွေရှိနေတာဖြစ်လို့ ဘဏ်က သိမ်းမယ်ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်နေပေမဲ့ အလုပ်သမားတွေ တရားစွဲဆိုထားတဲ့ တစ်နှစ်ကျော်နေတဲ့အမှုကတော့ အခုချိန်ထိ ရုံးထုတ်စစ်ဆေးနိုင်ခြင်းမရှိသေးပါဘူး။

“ဒီနိုင်ငံရေးကိစ္စတွေ မဖြစ်ခင်ကတည်းက ရုံးချိန်းပဲ အမြဲခေါ်ပြီး အလုပ်ရှင်ကလည်း ဘယ်တော့မှ မလာတော့ ရုံးချိန်းခေါ်လိုက် ပျက်လိုက်ပဲဖြစ်နေတာ။ တစ်ခါမှ စစ်ဆေးတာ မရှိသေးဘူး။ အခုကျတော့ နိုင်ငံရေးကဖြစ် အာဏာကသိမ်းတော့ ရုံးချိန်းတွေလည်း မရှိတော့ဘူး။ အမှုကလည်း ဘာဖြစ်မှန်းမသိ အမှုဖွင့်ထားပေးတဲ့ ဦးစီးမှူး ဦးထွန်းထွန်းဝင်းကလည်း အဆက်သွယ်မခံဘူး။ လိုက်ကူညီပေးတဲ့ အလုပ်သမားအဖွဲ့အစည်းကလည်း မရှိတော့ဘူး” လို့ EURO GATE အလုပ်သမားတစ်ဦးက ပြောပြပါတယ်။

EURO GATE အထည်ချုပ်စက်ရုံအလုပ်သမား ၇၀၀ ကျော်ရဲ့ မတ်လနဲ့ဧပြီလ လစာကျန်ငွေဟာ ကျပ်သိန်း ၁၀၀၀ကျော် အထိရှိနေပါတယ်။ ဒီတွက်ချက်မှုထဲမှာ အလုပ်ထုတ်နစ်နာကြေးတွေ လျော်ကြေးတွေ မပါဝင်သေးဘူးလို့ သိရပါတယ်။

“အစိုးရဘက်က တရားစွဲပေးတာကိုတော့ ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ အမှုရင်ဆိုင်နေရတာက အလုပ်ရှင်လား ကျွန်တော်တို့ အလုပ်သမားတွေလား ဆိုတာကို မသိတော့ဘူး”လို့ အလုပ်သမားတစ်ဦးက ပြောပါတယ်။

EURO GATE အထည်ချုပ်စက်ရုံ အလုပ်သမား ၇၀၀ ကျော်ဟာ ၂၀၂၀ခုနှစ် မေလလယ်ကစလို့ တရားစွဲဆိုထားတာ အခုဆို တစ်နှစ်နဲ့ငါးလကျော်သွားပါပြီ။ ဒါပေမဲ့ အမှုရုံးချိန်းတွေတုန်းကလည်း အလုပ်သမားတွေက ရုံးချိန်းတွေ မပျက်မကွက် သွားရောက်ခဲ့ရသလို အခုချိန်ထိလည်း အမှုရဲ့နောက်ဆက်တွဲအဖြစ် အလုပ်အကိုင်တွေရရှိဖို့ ခက်ခဲနေကြတဲ့ အလုပ်သမားတွေ ရှိနေဆဲပါပဲ။ အလုပ်ရှင်ဖြစ်တဲ့ ဂျာမနီနိုင်ငံသားကတော့ မြန်မာပြည်ကနေ ထွက်ပြေးသွားနိုင်ခဲ့ပါပြီ။ နောက်ထပ် အလုပ်ရှင် ဦးမျိုးဝင်းကတော့ အမှုရုံးချိန်းတွေကို အခုချိန်ထိ ရှောင်လွှဲနေနိုင်ဆဲပါပဲ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required