တရုတ်၏ ခြိမ်းခြောက်မှု နေ့စဉ်နှင့်အမျှ ကြီးထွားလာနေဟု ထိုင်ဝမ်သမ္မတ ပြောကြား

By SIFY
01 November 2021
တရုတ်၏ ခြိမ်းခြောက်မှု နေ့စဉ်နှင့်အမျှ ကြီးထွားလာနေဟု ထိုင်ဝမ်သမ္မတ ပြောကြား

အမေရိကန်နှင့် တရုတ်အကြား တင်းမာမှုများ မြင့်တက်နေချိန်တွင် ပေကျင်း၏ ခြိမ်းခြောက်မှုသည် နေ့စဉ်နှင့်အမျှ ကြီးထွားလာနေကြောင်း ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က အောက်တိုဘာ ၂၆ တွင် ပြောကြားလိုက်ပြီး အမေရိကန်တပ်များသည် လေ့ကျင့်ရေးများအတွက် ထိုင်ဝမ်မြေပေါ်တွင် ရှိနေသည်ကို လည်း အတည်ပြုခဲ့သည်။

တရုတ်နိုင်ငံ အရှေ့တောင်ဘက်ကမ်းရိုးတန်းမှ ကီလိုမီတာ ၂၀၀ (၁၂၄မိုင်) ထက်နည်းသောအကွာအဝေးရှိ ထိုင်ဝမ်သည် ဒီမိုကရေစီစံနှုန်းများကို ကမ္ဘာအဝှမ်းက ဆက်လက်ယုံကြည်ရေးအတွက် ကာကွယ်ရန်လိုအပ်သော ဒီမိုကအရေစီအချက်ပြမီး ဖြစ်သည်ဟု သမ္မတဆိုင်အင်ဝမ်က CNN နှင့်အင်တာဗျူးတွင် ဖြေဆိုခဲ့သည်။

ထိုင်ဝမ်ကျွန်းသည် နှစ်ပေါင်း ၇၀ ကျော်ကြာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရခဲ့သော်လည်း တရုတ်က ထိုင်ဝမ်ကို အချုပ်အခြာအာဏာအပြည့်အဝပိုင်ဆိုင်ကြောင်း အခိုင်အမာဆိုထားသည်။ ထိုအတောအတွင်း ထိုင်ဝမ်က အမေရိကန်အပါအဝင် ဒီမိုကရေစီနိုင်ငံများနှင့် မဟာဗျူဟာမြောက် ဆက်ဆံမှုများတိုးမြှင့်ခြင်းဖြင့် တရုတ်၏ရန်လိုမှုကို တန်ပြန်ရန် ဆက်လက်လုပ်ဆောင်လျက်ရှိသည်။

“လူဦးရေ ၂၃ သန်းရှိတဲ့ ဒီကျွန်းဟာ ကိုယ့်ကိုယ်ကိုယ်ကာကွယ်ဖို့ ဒီမိုကရေစီကိုကာကွယ်ဖို့နဲ့ ကျွန်မတို့ပြည်သူတွေဟာ သူတို့နဲ့ထိုက်တန်တဲ့ လွတ်လပ်မှုမျိုးရဖို့ နေ့စဉ်နဲ့အမျှ ကြိုးစားနေရတယ်။ ကျွန်မတို့ ကျရှုံးသွားရင် ဒီတန်ဖိုးတွေကို သက်ဝင်ယုံကြည်သူတွေက ဒါတွေဟာ သူတို့အနေနဲ့ တိုက်ပွဲဝင်ရယူသင့်တဲ့ တန်ဖိုးတွေမှ ဟုတ်ရဲ့လားဆိုပြီး သံသယဝင်သွားပါလိမ့်မယ်” ဟု ဆိုင်အင်ဝမ်က ဆိုသည်။

ယခုအချိန်တွင် ထိုင်ဝမ်နှင့်တရုတ်အကြားဆက်ဆံရေးသည် ၁၀ စုနှစ်များစွာအတွင်း အနိမ့်ဆုံးသို့ ရောက်ရှိနေသည်။

ယခုလအစောပိုင်းက တရုတ်စစ်တပ်သည် ထိုင်ဝမ်အနီးတစ်ဝိုက်သို့ စစ်လေယာဉ်အရေအတွက် စံချိန်တင် ဝင်ရောက်ပျံသန်းခဲ့ပြီး ထိုင်ဝမ်ကျွန်းသည် တရုတ်ကွန်မြူနစ်ပါတီ (CCP)၏ ဦးဆောင်မှုကို မနာခံပါက ကျူးကျော်မှု ဖြစ်လာနိုင်ကြောင်း သံတမန်များနှင့် အစိုးရပိုင်မီဒီယာများက သတိပေးခဲ့သည်။

ဆိုင်အင်ဝမ်သည် လေ့ကျင့်ရေးမှုများအတွက် ကျွန်းပေါ်တွင် အမေရိကန်တပ်များ တပ်စွဲထားမှုကို ဝန်ခံသည့် ၁၀ စုနှစ်များအတွင်း ပထမဆုံး ထိုင်ဝမ်သမ္မတဖြစ်လာခဲ့သည်။ အမေရိကန်အစိုးရသည် တရုတ်အစိုးရအပေါ် သံတမန်ရေးဆိုင်ရာ တရားဝင် အသိအမှတ်ပြုခဲ့သည့် ၁၉၇၉ ခုနှစ်တွင် နောက်ဆုံးတရားဝင်အမေရိကန်မြို့စောင့်တပ်များ ထွက်ခွာသွားခဲ့သော်လည်း အနည်းငယ်တပ်စွဲထားမှုကို မီဒီယာသတင်းများတွင် ယမန်နှစ်တွင် အရိပ်အမြွက်ဖော်ပြခဲ့သည်။

ဆိုင်အင်ဝမ်သည် ကျွန်းပေါ်တွင် အမေရိကန်တပ်အင်အား မည်မျှရှိကြောင်း အတိအကျမပြောသော်လည်း လူအများ ထင်ထားသလောက် မများဟု ဆိုသည်။

“ကျွန်မတို့ရဲ့ကာကွယ်ရေးစွမ်းအင်ကို မြှင့်တင်ဖို့ ရည်ရွယ်ပြီး အမေရိကန်နဲ့ ကျယ်ပြန့်တဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ ရှိပါတယ်” ဟု သူမက ပြောကြားသည်။

သမ္မတရှီကျင့်ဖျင်က ထိုင်ဝမ်နှင့် ပြည်မကြီးအကြား ငြိမ်းချမ်းစွာပြန်လည်ပေါင်းစည်းရေးကို အောက်တိုဘာ ၈ ရက်က ကတိပြုခဲ့သည်။

တရုတ်အစိုးရက ချမှတ်ထားသော လမ်းစဉ်အတိုင်း လိုက်နာရန် ၎င်းတို့အား ဖိအားပေး၍မရကြောင်း အောက်တိုဘာ ၁၀ ရက်၌ ကျရောက်သည့် ထိုင်ဝမ်အမျိုးသားနေ့တွင် ဆိုင်က တုံ့ပြန်ပြောကြားခဲ့သည်။

ဂျပန်၊ တောင်ကိုရီးယားနှင့် ဩစတြေးလျအပါအဝင် ဒေသတွင်း ဒီမိုကရေစီမိတ်ဖက်များက မိမိတို့အား ကူညီပံ့ပိုးရန် ထိုင်ဝမ်သမ္မတ ဆိုင်အင်ဝမ်က CNN နှင့်အင်တာဗျူးတွင် တောင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly