တောင်တွင်းကြီးတွင် ဒလန်ဆိုသူအမျိုးသမီး ပစ်သတ်ခံရ

တောင်တွင်းကြီးတွင် ဒလန်ဆိုသူအမျိုးသမီး ပစ်သတ်ခံရ

အောက်တိုဘာ ၂၉

မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် မဖြူဖြူထိုက်ဆိုသူ အမျိုးသမီးအား သေနတ် နှစ်ချက်ဖြင့် ပစ်သတ်ခဲ့ကြောင်း ဗိသာနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော်က ထုတ်ပြန်ထားသည်။

မဖြူဖြူသည် တောင်တွင်းကြီးမြို့နယ် အုန်းတော (၁)ရပ်ကွက်ရှိ ပြည်လမ်းမပေါ်တွင် တံခွန်မုန့်ဆိုင် ဖွင့်ထားသူဖြစ်သည်။ ယနေ့ အောက်တိုဘာ ၂၉ရက် ညနေ ၅ နာရီ ၁၅မိနစ်တွင် မဖြူဖြူကိုသေနတ်ဖြင့် ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

၎င်းကို ဆန္ဒပြသူများကို စစ်ကောင်စီက ဖြိုခွင်းစဉ်က လက်ခုပ်လက်ဝါးတီးကာ ဝမ်းသာခဲ့သလို စစ်ကောင်စီတပ်များကိုလည်း ရေဗူးနှင့် မုန့်များ ပေးဝေခဲ့သည့်အတွက် ပထမတစ်ကြိမ် သြဂုတ်လ ၂၆ရက်က ၎င်း၏ မုန့်ဆိုင်ကို ဗုံး နှစ်လုံးဖောက်ခွဲ သတိပေးခဲ့ကြောင်း ဗိသာနိုးနယ်မြေ ပြည်သူ့ကာကွယ်ရေးတပ်မတော် အဖွဲ့ဝင်တစ်ဦးက ပြောသည်။

"ဗုံးဖောက်ပြီး သတိပေးတဲ့နေ့မှာတောင် ဂရုမစိုက်ဘဲ ဆက်လက်သတင်းပေးပို့နေလို့ပါခင်ဗျာ၊ စကစ (စစ်ကောင်စီ) အလိုကျဖြစ်ပြီး ငြိမ်းချမ်းစွာ ဆန္ဒပြကြစဉ်က စကစဘက်က အကြမ်းဖက် ဖြိုခွင်းခဲ့တဲ့အချိန် ပြည်သူတွေ ​ပြေးရတဲ့အချိန်မှာ လက်ခုပ်တွေတီးပြီး ဝမ်းသာပြတာ တမြို့လုံး အသိပါ။ နောက်ပိုင်းမှာ စကစ အလိုကျ ရေဗူး၊ မုန့်တွေပါ ပေးဝေပါတယ်။ သူနဲ့ ညီအမကလည်း လက်ရှိ တပ်ရင်းမှူးကတော်ပါ။ ယခု သေဆုံးသူ ဖြူဖြူထိုက်ရဲ့ အမျိုးသားက ထွေအုပ်ဥက္ကဌ ကွယ်လွန်သွားပါပြီ"ဟု ၎င်းက ပြောသည်။

အောက်တိုဘာလ ၂၆ ရက်နေ့ကလည်း မကွေးမြို့၊ စျေးလယ်စိုးရပ်ကွက် ဗိုလ်ချုပ်လမ်းရှိ၊ လျှပ်စစ်အင်ဂျင်နီယာရုံး Transfer အိုးနှင့် ရန်မျိုးနိုင်ရပ်ကွက်၊ အဝေရာလမ်းအရှေ့ဘက်ရှိ လ.ဝ.ကရုံးကိုလည်း ၎င်းတို့အဖွဲ့က ဗုံးခွဲတိုက်ခိုက်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required