မန်စီးတီးထက် မန်ယူကိုသာ ဂွါဒီယိုလာ ပိုမိုနှစ်သက်သဘောကျ

မန်စီးတီးထက် မန်ယူကိုသာ ဂွါဒီယိုလာ ပိုမိုနှစ်သက်သဘောကျ

ဒီဇင်ဘာ ၂၅၊ စပိန် ။              ။ ဘိုင်ယန်မြူးနစ်အသင်းနည်းပြ ဂွါဒီယိုလာက အင်္ဂလန်သို့ပြောင်းမည်ဆိုပါက မန်စီးတီးအသင်းထက် မန်ယူအသင်းကိုသာ နည်းပြနိုင်သည်ဟု ၎င်းနှင့် နီးစပ်သော မိတ်ဆွေများသို့ ပြောကြားခဲ့သည်။

ဂွါဒီယိုလာသည် ယခုနှစ်ရာသီအကုန်တွင် ဘိုင်ယန်မြူးနစ်အသင်းနှင့် စာချုပ်သက်တမ်းကုန်ဆုံးမည်ဖြစ်ပြီး ဂျာမနီတွင် ဆက်လက်နည်းပြတော့မည်မဟုတ်ဟု တရားဝင်ပြောဆိုထားပြီးဖြစ်သည်။ ဘိုင်ယန်အသင်းကလည်း အန်စလော့တီကို ရာသီသစ်အတွက် နည်းပြသစ်ခန့်အပ်ခဲ့ပြီးဖြစ်သည်။

မန်စီးတီးအသင်းသည် ဂွါဒီယိုလာ ဘာစီလိုနာအသင်းမှ ထွက်ခွာစဉ်ကတည်းကိုက ခေါ်ယူရန် အလိုရှိနေခဲ့သော်လည်း ခေါ်ယူနိုင်ခြင်းမရှိခဲ့ပေ။ ယခုအချိန်တွင်လည်း မန်စီးတီးအသင်းသည် ဂွါဒီယိုလာကို ပယ်လီဂရီနီ၏နေရာတွင် အစားထိုးရန် ရည်ရွယ်လျက်ရှိနေပြီး ၎င်းသာ ရောက်ရှိလာပါက မန်စီးတီးအနေဖြင့် ပရီးမီးယားလိဂ်တွင် စိုးမိုးနိုင်မည်ဟု ယုံကြည်လျက်ရှိသည်။ ထို့အပြင် ချန်ပီယံလိဂ်ပြိုင်ပွဲတွင်လည်း ချန်ပီယံဆု စိန်ခေါ်နိုင်မည်ဟု ယုံကြည်နေသည်။

သို့သော် ဂွါဒီယိုလာနှင့် နီးစပ်သော သတင်းအရင်းအမြစ်တစ်ခုက 'ဂွါဒီယိုလာဟာ သူ့ရဲ့စိတ်အာရုံကို ဖမ်းစားနိုင်တဲ့ ကလပ်အသင်းကို အမြဲတမ်းရှာဖွေလေ့ရှိသူပါ။ သမိုင်းကြောင်းအစဉ်အလာကြီးမားတဲ့ အသင်းမျိုးပေါ့။ မန်ယူက ဒီလိုအသင်းပါ။

သူ့ရဲ့နောက်နည်းပြအလုပ်အတွက် အလွယ်တကူဆုံးဖြတ်မှာတော့ မဟုတ်ပါဘူး။ မန်စီးတီးက ရည်ရွယ်ချက်ကြီးမားတဲ့ အသင်းပါ။ ဒါပေမဲ့ မန်ယူအသင်းက အခုအချိန်ထိ ပိုပြီး ဆွဲဆောင်မှု ရှိနေတုန်းပါ' ဟု ပြောသည်။

ရည်ညွှန်း ဒေးလီးစတား

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly