အကြမ်းဖက်မှု ရပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ စစ်ကောင်စီကို သြစတြေးလျ တိုက်တွန်း

အကြမ်းဖက်မှု ရပ်ဖို့နဲ့ မတရားဖမ်းဆီးထားသူတွေကို ပြန်လွှတ်ဖို့ စစ်ကောင်စီကို သြစတြေးလျ တိုက်တွန်း

အောက်တိုဘာ ၂၈

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက် အရပ်သားတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်မှုတွေ ရပ်ဖို့၊ ဆွေးနွေးညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့၊ မတရားဖမ်းဆီးခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့အတွက် စစ်ကောင်စီကို သြစတြေးလျဝန်ကြီးချုပ် စကော့ မော်ရစ်ဆင်က တိုက်တွန်းပြောကြားခဲ့ပါတယ်။

သြစတြေးလျဝန်ကြီးချုပ် မော်ရစ်ဆင်ဟာ ယမန်နေ့ အောက်တိုဘာ ၂၇ ရက်က အရှေ့တောင်အာရှနိုင်ငံတွေက ခေါင်းဆောင်တွေနဲ့အကြား ပြုလုပ်ခဲ့တဲ့ အာဆီယံ-သြစတြေးလျ ထိပ်သီးအစည်းအဝေးမှာ အထက်ပါအတိုင်း ပြောဆိုသွားခဲ့တာ ဖြစ်ပါတယ်။

အွန်လိုင်းကနေ ပြုလုပ်တဲ့ အာဆီယံ-သြစတြေးလျ ထိပ်သီးတွေ့ဆုံပွဲမှာ သြစတြေးလျဝန်ကြီးချုပ်က ၎င်းတို့ နိုင်ငံရဲ့ နယ်စပ် ပြန်လည်ဖွင့်လှစ်မှု ကိစ္စအပြင် မြန်မာ့အရေး ကိစ္စတို့နဲ့ပတ်သက်လို့ အာဆီယံခေါင်းဆောင်တွေနဲ့အကြား ဆွေးနွေးပြောဆိုခဲ့ပါတယ်။

အထူးသဖြင့် မြန်မာနိုင်ငံရဲ့ အကျပ်အတည်းကို ပြေလည်အောင် ဖြေရှင်းနိုင်ရေး ကြိုးပမ်းနေတဲ့ အာဆီယံရဲ့ လုပ်ဆောင်ချက်တွေကို ၎င်းအနေနဲ့ ထောက်ခံအားပေးကြောင်း မော်ရစ်ဆင်က ပြောခဲ့ပါတယ်။

"ခင်ဗျားတို့ ပြောခဲ့တဲ့အတိုင်း၊ အထူးသဖြင့် စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်း ပြောခဲ့သလိုမျိုးပဲ မြန်မာနိုင်ငံက အခြေအနေတွေနဲ့ပတ်သက်လို့ ကျွန်တော်တို့လည်း အင်မတန် စိုးရိမ်ပူပန်နေမိပါတယ်၊ ဒီအကျပ်အတည်းကို ဖြေရှင်းနိုင်မယ့် လမ်းကြောင်းတစ်ခုကို ရဖို့ ကြိုးစားနေတဲ့ အာဆီယံအဖွဲ့ရဲ့ အားထုတ်မှုတွေကို သြစတြေးလျအနေနဲ့ အခိုင်အမာ ထောက်ခံပါတယ်" လို့ မော်ရစ်ဆင်က ပြောခဲ့ပါတယ်။

"ဒါ့အပြင် အရပ်သားတွေအပေါ် အကြမ်းဖက် နှိပ်ကွပ်တာတွေ ရပ်တန်ဖို့၊ ဆွေးနွေးစေ့စပ်ညှိနှိုင်းမှုတွေ လုပ်ဆောင်ဖို့နဲ့ သြစတြေးလျနိုင်ငံသား ပါမောက္ခ ရှောင်တာနဲလ် အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရသူအားလုံးကို ပြန်လွှတ်ပေးဖို့ မြန်မာစစ်တပ်တာဝန်ရှိသူတွေကို ကျွန်တော်တို့ တိုက်တွန်းပါတယ်" လို့ မော်ရစ်ဆင်က ပြောသွားခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required