အစ္စရေးရဲ့ အခြေစိုက်အိမ်ရာ တည်ဆောက်မှုကို အမေရိကန် ပြစ်တင် 

အစ္စရေးရဲ့ အခြေစိုက်အိမ်ရာ တည်ဆောက်မှုကို အမေရိကန် ပြစ်တင် 

အောက်တိုဘာ ၂၇

အနောက်ဖက်ကမ်းမှာ အခြေစိုက်အိမ်ရာတွေ တည်ဆောက်ဖို့ အစ္စရေးရဲ့ ဆုံးဖြတ်ချက်ကြောင့် စိုးရိမ်ပူပန်မကြောင်း အမေရိကန်က အင်္ဂါနေ့မှာ ပြောပြီး ကျူးကျော်ခံ ပါလက်စတိုင်းမြေကို ချဲ့ထွင်တာမျိုးကို “ပြင်းပြင်းထန်ထန် ကန့်ကွက်သွားမယ်” လို့ ဆိုပါတယ်။ 

အခြေစိုက်အိမ်ရာ တည်ဆောက်တာနဲ့ နယ်မြေသိမ်းတာတွေနဲ့ ပတ်သက်ပြီး အစ္စရေးကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်က အားပေးအားမြှောက် ရှိခဲ့တဲ့နောက် နှစ်အတန်ကြာမှာ သမ္မတ ဂျိုးဘိုင်ဒင် အစိုးရကတော့ အစ္စရေးကို ပြင်းပြင်းထန်ထန် ဝေဖန်မှုတွေ ရှိလာပါတယ်။ 

“အခြေစိုက်အိမ်ရာ အလုံးပေါင်း ထောင်နဲ့ချီ တည်ဆောက်မယ့် အစ္စရေး အစိုးရရဲ့ အစီအစဉ်ကြောင့် ကျွန်တော်တို့ တော်တော်လေး စိတ်ပူတယ်”ဆိုပြီး နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရသူ နက်ဒ်ပရက်စ်က သတင်းထောက်တွေကို ပြောပါတယ်။ 

“တင်းမာမှုတွေ လျော့နည်းအောင်၊ ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်အောင်အတွက် လုံးလုံး မညီညွတ်တဲ့ အခြေစိုက်အိမ်ရာ တိုးချဲ့တာကို ကျွန်တော်တို့ အပြင်းအထန် ကန့်ကွက်ပါတယ်၊ ဒါဟာ နှစ်နိုင်ငံဆိုတဲ့ ဖြေရှင်းမှုကိုလည်း ဖျက်ဆီးပစ်နိုင်တယ်”လို့ သူက ဆိုပါတယ်။ 

“အစ္စရေးရဲ့ အစီအစဉ်ဟာ လက်သင့်ခံစရာ မရှိတဲ့ ဥပဒေကြောင်းအရ မပိုင်ဆိုင်တဲ့ နေရာတွေကို အပိုင်ပြုလာနေတာပဲလို့ ကျွန်တော်တို့ ရှုမြင်ပါတယ်”လို့ နက်ဒ်ပရက်စ်က ထပ်လောင်း ပြောပါတယ်။ 

ဒီ အစီအစဉ်ကြောင့် အစ္စရေးနဲ့ ဆက်ဆံရေးကို ဘေးဖြစ်စေမယ်ဆိုပြီး ပြောတဲ့အထိတော့ မရှိခဲ့ပေမယ့် အမေရိကန်ဟာ မဟာမိတ် အစ္စရေးနဲ့ ဒီ အရေးကို ဆွေးနွေးနေကြောင်းတော့ သူက ပြောပါတယ်။ 

လက်ယာယိမ်း အစ္စရေးဝန်ကြီးချုပ် နက်ဖ်တာလီ ဘန်နက် လက်အောက်က အိမ်ရာမြေနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနဟာ အနောက်ဖက်ကမ်းမှာ အိမ်ရာ ၁၃၅၅ လုံး တည်ဆောက်ရေးအတွက် တနင်္ဂနွေနေ့က တင်ဒါခေါ်ယူခဲ့တာ ဖြစ်ပါတယ်။ 

ဒီ နယ်မြေဟာ ၁၉၆၇ ခြောက်ရက်တာ စစ်ပွဲမှာ အစ္စရေးက သိမ်းပိုက်ရရှိခဲ့တဲ့ နယ်မြေဒေသပဲ ဖြစ်ပါတယ်။ 

အခြေစိုက် အိမ်ရာတည်ဆောက်ပြီး အစ္စရေးရဲ့ ရန်လိုကျူးကျော်မှုကို အရေးယူဖြေရှင်းပေးဖို့ ပါလက်စတိုင်းဝန်ကြီးချုပ်က အမေရိကန်ကို ပြောဆိုတိုက်တွန်းထားတာလည်း ဖြစ်ပါတယ်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly