ကလေးမြို့ အကျဉ်းထောင်က လွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

ကလေးမြို့ အကျဉ်းထောင်က လွတ်မြောက်လာသူ အမျိုးသမီး တစ်ဦးနှင့် ဆက်သွယ်မေးမြန်းချက် (အင်တာဗျူး)

အောက်တိုဘာ ၂၆

"ကျန်းမာရေး စောင့်ရှောက်မှုက မရှိသလောက်ပါပဲ။ သူတို့ထားတဲ့ ကျန်းမာရေး ကြည့်ပေးတဲ့ သူဆိုတာကလည်း သူနာပြု သင်တန်းတောင် မဆင်းရသေးတဲ့ ဆရာမလေး"

စစ်ကိုင်းတိုင်း၊ ကလေးမြို့ အကျဉ်းထောင်မှ နိုင်ငံရေးအကျဉ်းသား ၆၂ ဦးသည် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် အောက်တိုဘာ ၁၈ ရက်နှင့် ၁၉ ရက်တို့တွင် လွတ်မြောက်ခဲ့သည်။ ထိုအထဲမှ ဆန္ဒပြပွဲ၌ ဖြိုခွဲဖမ်းဆီးခံခဲ့ရပြီး ထောင်အတွင်း နှစ်လကျော် နေထိုင်ခဲ့ရသည့် အမျိုးသမီးတစ်ဦးအား အဖမ်းဆီးခံခဲ့ရပုံများနှင့် ထောင်တွင်း နေထိုင်ခဲ့ရပုံများအား မဇ္စျိမ သတင်းဌာနက ဆက်သွယ် မေးမြန်းထားသည်။

မေး ။ ။ တရားရုံးကို ရုံးချိန်းထွက်ခဲ့ရသေးလား၊ အမှုကိုဘယ်လိုစစ်ဆေးခဲ့လဲ။

ဖြေ ။ ။ တရားရုံးကို ရုံးချိန်း တစ်ခါတော့ ထွက်ခဲ့ရပါတယ်။ ဘာမှ စစ်ဆေးမေးမြန်းတာ မရှိပါဘူး။ ရုံးချိန်းပဲ ချိန်းလိုက်တာ။ ရှေ့နေ ၁၀ ယောက်လောက် လာကြပါတယ်။ ဘာမှမပူကြနဲ့ အကုန်လုံး ငါတို့လုပ်ပေးမယ် ဆိုပြီးတော့ ပြောကြပါတယ်။ ဒါပေမဲ့ ကျွန်မတို့က သတ်သတ်မှတ်မှတ် ဖြစ်အောင်နဲ့ အမှုတွဲကလူတွေ တစ်သံထဲ ထွက်နိုင်အောင် ရှေ့နေ တစ် ယောက်ကို ငှားလိုက်ပါတယ်။ ရှေ့နေက အလကား လိုက်ပေးတာလို့ သိရပါတယ်။ ဒါပေမဲ့ စာရွက်စာတမ်းကြေး ကျပ်ငါးသောင်းတော့ ပေးရတယ်။

မေး ။ ။ ထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေတွေကိုပြောပါ။

ဖြေ ။ ။ ရဲစခန်းကနေ ထောင်ကိုရောက်တော့ ကွာရန်တင်း ၁၄ ရက် ကို အခန်းလေးထဲမှာ ထားပါတယ်။ အဲဒီနောက်မှ အကျဆောင်ထဲကို ပြောင်းထားတယ်။ အကျဆောင်ထဲရောက်တော့ နေရာကြေး ဆိုပြီး ၁၂,၀၀၀ ကျပ် ပေးရတယ်။ အဲဒီကစပြီး အကျတွေ လုပ်သလို အလုပ်တွေ အကုန် လုပ်ခဲ့ရပါတယ်။အလုပ်တွေကတော့ သမံတလင်းတွေကို သံဘရပ်တွေနဲ့ တိုက်၊ ဆန်ရွေး၊ ရေကန်ဆေး၊ မိလ္လာရေခပ်၊ နံရံတွေကို ထုံးသုတ်၊ ဟောင်းနေတဲ့ထုံးတွေ ပြန်ဖျက် စတဲ့ အလုပ်တွေ လုပ်ခဲ့ရပါတယ်။ အချိန်သတ်မှတ်ချက်မရှိဘဲ သူတို့ ခိုင်းချင်သလို ခိုင်းတာပါ။ နေပူ၊ မိုးရွာ မရှောင် ပါပဲ။ နေပူရင် ဦးထုပ်ဆောင်း လုပ်ရတယ်။ မိုးရွာရင်တော့ ဆောင်းစရာက မရှိတော့ ဒီအတိုင်း မိုးရွာထဲမှာ လုပ်ခဲ့ရတယ်။

မေး ။ ။ ထောင်ထဲမှာ ဘယ်လို စားသောက်ခဲ့ရပါသလဲ။

ဖြေ ။ ။ အစားအသောက်မှာတော့ မနက်ခင်းမှာ ဟင်းမပေးပါဘူး။ ထမင်းပဲပေးတယ်။ အိမ်တွေက ပို့ပေးတဲ့ ဟင်းတွေနဲ့ စားခဲ့ရတယ်။ ညနေစာကို တော့ ကြက်သား ၊ ဝက်သား ၊ ကြက်ဥ တစ်လှည့် စီပေးပါတယ်။ အသားကတော့ တစ်တုံးစီပေါ့။ ကြက်ဥ ကတော့ နှစ်လုံး၊ အဲဒါကလည်း အကျတွေ ပြောတာက ကျွန်မတို့နိုင်ငံရေးနဲ့ ပတ်သက်တဲ့လူတွေရောက်လာမှ ပေးတာလို့ သိရတယ်။

အိမ်ကမှာတဲ့ ဟင်းတွေနဲ့ပဲ စားခဲ့ရတာပါ။ ထမင်းယူရတာတော့ အတော်ကို အဆင်မပြေ စိတ်ဆင်းရဲရခဲ့ပါတယ်။ လူတွေကို တစ်တန်း ငါးယောက်စီ ။ နှစ်တန်းစီ ၊ တစ်ခါထွက် ၁၀ယောက် တစ်သုတ် ကို ထိုင်နေတဲ့ ပုံစံအတိုင်း ရှေ့ကို တစ်လှမ်းချင်း တရွေ့ရွေ့တိုးသွားပြီးမှ ယူရတာ။ ထိုင်ရက်နဲ့ သွားရတာအတော်ကို အဆင်မပြေတာ ကျွန်မတို့ ဂုဏ်သိက္ခာကို ချိုးလိုက်သလို ခံစားတယ်။ တချို့ကိုတော့ အဲလို ထိုင်ရက်နဲ့သွားရတာ အဆင်မပြေလို့ ထမင်းမယူဘဲ နေခိုင်းပြီး ကျွန်မတို့ ယူတဲ့လူတွေနဲ့ ဝိုင်းစားကြခဲ့တယ်။ အဲဒီအကြောင်းကို ထောင်ပိုင်ကြီး သိသွားတော့ ထောင်စည်းကမ်းအတိုင်း အားလုံးက ကိုယ့်အတွက် ထမင်း ကိုယ်ကိုတိုင် ထွက်ယူရမယ်လို့ပြောလို့ အားလုံး အဲဒီလို ပုံစံနဲ့ ထမင်းကို ထွက်ယူခဲ့ကြရပါတယ်။

မေး ။ ။ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ ပတ်သက်ပြီး ဘာများ သိခဲ့ရတာရှိပါသလဲ။

ဖြေ ။ ။ ကျန်းမာရေး စောင့်ရှောက်မှုက မရှိသလောက်ပါပဲ။ သူတို့ထားတဲ့ ကျန်းမာရေး ကြည့်ပေးတဲ့ သူဆိုတာကလည်း သူနာပြုသင်တန်းတောင် မဆင်းရသေးတဲ့ ဆရာမလေး က ဆရာဝန်လို လုပ်နေတဲ့အတွက် ဘယ်လိုမှကို အဆင်မပြေပါဘူး။ ဆေးပြားပေးတာကလွဲရင် ဘာမှမရှိဘူး။ အိမ်ကနေ ဆေးမှာရင်လည်း ကန့်သတ်တာတွေက ရှိသေးတယ်။ ဥပမာ ထွန်းရွှေဝါလို ဟာမျိုးတွေ ခွင့်မပြုတာ မျိုးကအစ ကိုယ်မှာချင်တဲ့ဆေးကို အပြင်ကနေမှာပြီး သွင်းလို့မရခဲ့ပါဘူး။ ဆေးတင်မကပါဘူး။ အပြင်က ငွေသွင်းတယ်ဆိုရင်လည်း ပို့သလောက်မရဘူး။ အောက်လမ်းကနေသွင်းတဲ့သူ ဆိုရင်တော့ ပေးရကမ်းရ တာတွေ ရှိတယ်။ အိမ်ကပို့ပေးတာရဲ့ တစ်ဝက်လောက်ပဲရတယ်။ ဗူးဝက သွင်းတာ ဆိုရင်တော့ ပြေစာတွေနဲ့ စာရင်းတော့ ရှိတယ်။ ဒါပေမဲ့ ဘယ်သူတွေက လက်မှတ်ထိုးပြီး ထုတ်သွားမှန်း မသိဘူး။ အပြည့်ရတယ်ဆိုတာ ဘယ်တော့မှမရှိဘူး။

မေး ။ ။ အခုလိုလွတ်လာတော့မယ်ဆိုတော့ ခံဝန်ကတိ လက်မှတ်ထိုးရတာ မျိုးရှိပါသလား ။

ဖြေ ။ ။ ခံဝန်ကတိလိုမျိုးတော့ ထိုးရတာမရှိခဲ့ပါဘူး။ ဒါပေမဲ့ စကားနဲ့ မှာကြားလိုက်တာတော့ ရှိပါတယ်။ နိုင်ငံတော်က စေတနာနဲ့ ဒီလိုလွတ်ငြိမ်းခွင့်ပေးတာကို ကျေးဇူးဆပ်တဲ့အနေနဲ့ ကိုယ့်အိမ်မှာပဲ အေးအေးဆေးဆေးနဲ့နေပေးကြပါ။ ခင်ဗျားတို့ရဲ့ ကိုယ်ရေး အချက်အလက်တွေက အကုန်ရှိပြီးသားဖြစ်တယ်။ ဆိုတော့ ခင်ဗျားတို့နောက်ကို အမြဲတမ်း လိုက်နေမှာ ရှေ့ဆက်လုပ်လို့ ဖမ်းမိရင်တော့ အပြစ်ဒဏ်က နှစ်ဆဖြစ်မှာ၊ အခုလွတ်ငြိမ်းပေးလိုက်တဲ့ အပြစ်ဒဏ်နဲ့ နောက်ထပ် အပြစ်ဒဏ် နှစ်ခုပေါင်း ခံရမှာလို့ မှာလိုက်တယ်။

မေး ။ ။လွတ်မြောက်လာခဲ့တဲ့အပေါ်နဲ့ ရှေ့ဆက်ပြီးလုပ်မဲ့ အစီအစဉ်များ ရှိရင်ပြောပေးပါ ။

ဖြေ ။ ။ လွတ်လာပြီဆိုပေမဲ့ မပျော်ပါဘူး။ ဘယ်အချိန် ပြန်လာခေါ်မလဲ၊ ဘယ်နေရာမှာ ဖမ်းမလဲဆိုတာ အမြဲတမ်း စိုးရိမ်နေရတယ်။ အထဲမှာလည်း မိတ်ဆွေ သူငယ်ချင်းတွေလည်း ကျန်ခဲ့တယ်ဆိုတော့ သူတို့အတွက်လည်း စိတ်မကောင်း ဖြစ်ရပါတယ်။ ရှေ့လည်း လိုအပ်တဲ့ နေရာတွေကနေ ပါဝင်လှုပ်ရှားသွားမှာပါ။

မေး ။ ။ နောက်ဆုံးအနေနဲ့ပြောချင်တဲ့ စကားများရှိပါသလား။

ဖြေ ။ ။ ပြည်သူအများကို မေတ္တာရပ်ခံချင်တာကတော့ ဘယ်လိုပွဲလမ်းသဘင်မျိုးကို မှ မသွားကြပါနဲ့။ တောထဲတောင်ထဲ ရောက်နေတဲ့ လူငယ်တွေကို သတိရကြပါ။ သေဆုံးသွားတဲ့ သူရဲကောင်းတွေရဲ့ မျက်နှာကို ထောက်ထားကြပါ။ စစ်ကောင်စီနဲ့ မပတ်သက်အောင်နေပြီး အခွန်များ မပေးကြတာအပါဝင် တတ်နိုင်တဲ့ နည်းများနဲ့ ပူးပေါင်း ပါဝင်ပေးကြပါလို့ ပြောချင်ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly