အစ္စရေးမှာ လေတပ်ဆိုင်ရာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်

အစ္စရေးမှာ လေတပ်ဆိုင်ရာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှု ပြုလုပ်
Photo - AFP

အောက်တိုဘာ ၂၆

အစ္စရေးနိုင်ငံဟာ ယင်းရဲ့ လေတပ်ဆိုင်ရာ အကြီးဆုံး စစ်ရေးလေ့ကျင့်မှုတစ်ရပ်ကို ယခုအပတ်ထဲမှာ ပြုလုပ်နေပြီး ဒီ စစ်ရေးလေ့ကျင့်မှုမှာ အနောက်နိုင်ငံတချို့နဲ့ အိန္ဒိယတို့လည်း ပူးပေါင်းပါဝင်လုပ်ဆောင်နေပါတယ်။

ဒါ့အပြင် ယူအေအီးနိုင်ငံရဲ့ လေတပ်အကြီးအကဲကလည်း ဒီ စစ်ရေးလေ့ကျင့်မှုတွေကို ကြည့်ရှုဖို့ အစ္စရေးနိုင်ငံမှာ ရောက်ရှိနေပါတယ်။

ဒီ လေကြောင်း စစ်ရေးလေ့ကျင့်မှုဟာ "အီရန်ကို အာရုံထားပြီး လုပ်တာမဟုတ်" ကြောင်း အစ္စရေးလေတပ်ရဲ့ စစ်ဆင်ရေးဆိုင်ရာ အကြီးအကဲ အေမီအာ လာဇာက ပြောပါတယ်။ ဒါပေမယ့်လည်း အီရန် အစ္စလမ္မစ် သမ္မတနိုင်ငံဟာ အစ္စရေးရဲ့ အဓိက မဟာဗျူဟာ ခြိမ်းခြောက်မှုအဖြစ် ဆက်ရှိနေပြီး စစ်ရေး စီမံကိန်းရေးဆွဲမှု အများအပြားရဲ့ အဓိက အာရုံစိုက်စရာအဖြစ် ရှိနေတယ်လို့ အစ္စရေးစစ်တပ်အရာရှိတွေက ပြောထားခဲ့ပါတယ်။

အစ္စရေးဟာ နီဂက်ဗ် သဲကန္တာရမှာ ၂၀၁၃ ခုနှစ်ကစလို့ နှစ်နှစ်တစ်ကြိမ်အဖြစ် "အလံပြာ" စစ်ရေးလေ့ကျင့်မှုတွေကိုလည်း လုပ်ဆောင်ထားခဲ့ပါတယ်။

အကြို လေ့ကျင့်မှုတချို့ကို ပြီးခဲ့တဲ့အပတ်က စတင်ထားခဲ့ပါတယ်။

ယခုနှစ် အစ္စရေးရဲ့ လေတပ် စစ်ရေးလေ့ကျင့်မှုမှာ ပူးပေါင်းပါဝင်လုပ်ဆောင်တဲ့ အခြားနိုင်ငံတွေထဲမှာ ပြင်သစ်၊ အမေရိကန်၊ ဂျာမနီနဲ့ ဗြိတိန်တို့ ပါဝင်ပါတယ်။

Mirage 2000 ၊ Rafale နဲ့ F-16 တိုက်လေယာဉ်တွေအပါအဝင် တိုက်လေယာဉ် ၇၀ ကျော် နဲ့အတူ တပ်ဖွဲ့ဝင် ၁,၅၀၀ ခန့် ပါဝင်တဲ့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ အစ္စရေးမှာ ကျင်းပတဲ့ အကြီးတကာ့ အကြီးဆုံး လေတပ်စစ်ရေးလေ့ကျင့်မှုလည်း ဖြစ်တယ်လို့ လာဇာက တောင်ပိုင်း အိုဗဒါ လေတပ်စခန်းမှာ သတင်းထောက်တွေကို ပြောပါတယ်။
ယူအေအီး လေတပ်ရဲ့ လေတပ်ဦးစီးချုပ် အီဘရာဟင် နက်ဆာ မိုဟာမက် အယ် အလာဝီဟာ အောက်တိုဘာ ၂၅ ရက်က အစ္စရေးကို ရောက်ရှိလာခဲ့တယ်လို့ အစ္စရေးစစ်တပ်က ပြောပါတယ်။

စစ်ရေးလေ့ကျင့်မှုတွေမှာ ယူအေအီးလေယာဉ်တွေ ပါဝင်ပျံသန်းမှာ မဟုတ်ပေမယ့် ယင်းနိုင်ငံရဲ့ လေတပ်အကြီးအကဲ ခုလို လာရောက်တာက အင်မတန်အရေးပါတယ်လို့ လာဇာက ပြောပါတယ်။

ယူအေအီး၊ ဘာရိန်း၊ မော်ရိုကို အပါအဝင် အာရပ်နိုင်ငံတချို့နဲ့ အစ္စရေးအကြား ယမန်နှစ်က ပုံမှန်သံတမန် ဆက်ဆံရေးထူထောင်ခဲ့တဲ့ သဘောတူညီချက်တွေက "အခွင့်အလမ်းမျိုးစုံအတွက် တံခါးဖွင့်ပေးခဲ့" ကြောင်း လာဇာက ပြောသွားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly