ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့်ဗြိတိန်သံရုံး ထုတ်ပြန်

26 October 2021
ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့်ဗြိတိန်သံရုံး ထုတ်ပြန်

အောက်တိုဘာ ၂၆

ကိုဂျင်မီအပါအဝင် မတရားဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးရန် အမေရိကန်နှင့်ဗြိတိန်သံရုံးများက သတင်း ထုတ်ပြန်သည်။

ဗြိတိန်သံရုံး၏ ထုတ်ပြန်ချက်တွင် ကိုဂျင်မီ အပါအဝင် အခြား ဖမ်းဆီးထိန်းသိမ်းခံရသူများသည် မြန်မာစစ်အာဏာရှင်၏လုပ်ရပ်များကြောင့် ပြင်းထန်စွာထိခိုက်ဒဏ်ရာရသောသတင်းများနှင့် ပတ်သက်ပြီး အလွန်အမင်းစိုးရိမ် ထိတ်လန့်မိကြောင်း၊ စစ်အာဏာရှင်အနေဖြင့် မြန်မာပြည်သူများ၏ဆန္ဒကိုလေးစားပြီး မတရားဖမ်းဆီးချုပ်နှောင်ခံထားရသူအားလုံးကို ပြန်လွှတ်ပေးရန် ဆက်လက်တောင်းဆိုကြောင်း ဖော်ပြထားသည်။

အမေရိကန်သံရုံး၏ သတင်းထုတ်ပြန်ချက်တွင်လုံခြုံရေးတပ်ဖွဲ့ဝင်များ၏ ဆက်လက်ဖမ်းဆီးနေမှုများ၊ ကိုဂျင်မီအပါအဝင် ဒီမိုကရေစီလိုလားသူများနှင့် လူ့အခွင့်အရေးကာကွယ်စောင့်ရှောက်သူများအပေါ် မတရားဖိနှိပ်နေမှုသတင်းများကြောင့် မိမိတို့ အလွန်အမင်းစိုးရိမ်မိသည်ဟု ဖော်ပြထားသည်။

စစ်အာဏာသိမ်းပြီးချိန်ကစ၍ မတရားဖမ်းဆီးထိန်းသိမ်းခံထားရသောသူများကို ပြန်လွှတ်ပေးရန်စစ်အာဏာရှင်ကိုမိမိတို့ဆက်လက်တိုက်တွန်းပြီး လုံလောက်သောဆေးဝါးကုသခွင့် ချက်ချင်းပံ့ပိုးပေးရေးအပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတို့၏ ဂုဏ်သိက္ခာနှင့်အခြေခံ လူ့အခွင့်အရေး များကို လေးစားလိုက်နာရန်တောင်းဆိုကြောင်း အမေရိကန်သံရုံး၏ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

မြန်မာပြည်သူတို့လိုလားတောင်းတနေသော ဒီမိုကရေစီစနစ်ကို နောက်ပြန်လှည့်စေ၍ ဖိနှိပ်နိုင်ရန်အလို့ငှာ အကြမ်းဖက်မှုကိုဆက်လက်အသုံးချနေခြင်းအတွက် စစ်အာဏာရှင်အနေဖြင့် တာဝန်ယူမှု၊ တာဝန်ခံမှုရှိလာစေရန် အမေရိကန်ပြည်ထောင်စုက ကတိကဝတ် ပြုထားဆဲဖြစ်သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထင်ရှားသည့် နိုင်ငံရေးလှုပ်ရှားသူ ကိုဂျင်မီမှာ အောက်တိုဘာ ၂၃ ရက် ညပိုင်းက မြောက်ဒဂုံမြို့နယ်တွင် ဖမ်းဆီးခံရပြီး ဒဏ်ရာများရရှိခဲ့ကာ ကျန်းမာရေးအတွက် စိုးရိမ်ရသည့်အခြေအနေတွင် ရှိသည်ဟု ဇနီးဖြစ်သည် မနီလာသိန်းက သတင်းထုတ်ပြန်ထားသည်။

စစ်အာဏာသိမ်းစ ဖေဖော်ဝါရီ ၁ ရက်တွင် နိုင်ငံရေးတက်ကြွလှုပ်ရှားသူများဖြစ်သည့် ကိုမြအေး၊ ကိုမင်းသွေးသစ်၊ စာရေးဆရာမောင်သာချို အစရှိသူတို့အား စစ်ကောင်စီက ဖမ်းဆီးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly