ဂျပန်ဝန်ကြီးချုပ်သစ်၏ မိသားစုနှင့် ထိုင်ဝမ်တို့ ပတ်သက်မှုကြောင့် ဆက်ဆံရေး တိုးတက်လာနိုင်

ဂျပန်ဝန်ကြီးချုပ်သစ်၏ မိသားစုနှင့် ထိုင်ဝမ်တို့ ပတ်သက်မှုကြောင့် ဆက်ဆံရေး တိုးတက်လာနိုင်

ဆန်ရှင်ယိသည် နံနက်စာသွားဝယ်သည့် နေ့တိုင်း ကီလွန်ရပ်ကွက် ရီယာလမ်းထောင့်ရှိ ၂ ထပ်တိုက်တစ်လုံးရှေ့မှ ဖြတ်သွားရသည်။ သို့သော် ပြီးခဲ့သည့် အောက်တိုဘာ ၂၃ ရက်ကတော့ အဆိုပါ အိမ်ရှေ့တွင် ရပ်ကာ ဆယ်ဖီဆွဲလိုက်သည်။

အဆိုပါအိမ်၏ တံခါးမကြီးအပေါ်ဘက်တွင် ကနုတ်ပန်းများနှင့် ပုံဖော်ထားသည့် ဘောင်အကွေးတစ်ခုဖြင့် အလှဆင်ထားသည်။ ဂျပန်နိုင်ငံ၏ ၁၀၀ ဦးမြောက် ဝန်ကြီးချုပ်အဖြစ် ဖူမီအိုကီရှီဒါကို ယခုလအတွင်း ခန့်အပ်ပြီးနောက် အဆိုပါ အိမ်ကို လူသိများလာကြသည်။ လွန်ခဲ့သည့် နှစ် ၁၀၀ ကျော်က သူ၏ အဘေးသည် တိုင်ပေမြို့ အရှေ့မြောက်ဖက်ရှိ အဆိုပါအိမ်တွင် စီးပွားရေး လုပ်ခဲ့သည်။

“ဒီအိမ်ရဲ့ သမိုင်းကို မသိပါဘူး၊ ဂျပန်ဝန်ကြီးချုပ်နဲ့ အိမ်နီးချင်းလို့ ပြောရလိမ့်မယ်ဆိုတာ ဘယ်တုန်းကမှ မစဉ်းစားခဲ့မိဘူး” ဟု အဆိုအိမ်အနီးတွင် နေထိုင်သည့် စာရင်းစစ်တစ်ဦးဖြစ်သူ ဆန်က ပြောသည်။

ကီရှီဒါ ဝန်ကြီးချုပ်ဖြစ်လာခြင်းနှင့် သူ၏ မိသားစု ကီလွန်ရပ်ကွက်တွင် နေထိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောကြား လိုက်ခြင်းသည် လူအများ စိတ်ဝင်စားဖွယ်ရာ တစ်ခုဖြစ်လာပြီး ထိုင်ဝမ်နှင့် ၎င်း၏ ကိုလိုနီအုပ်ချုပ်သည့် နိုင်ငံတို့ အကြား အထူးဆက်နွှယ်မှု ရှိကြောင်းကို ပြသနေသလို လက်ရှိအာဏာရ ဒီမိုကရက်တစ် တိုးတက်ရေးပါတီ (DPP) က ဂျပန်အစိုးရနှင့် ဆက်ဆံရေး တိုးမြှင့်နိုင်ရန် မျှော်လင့်ချက်များလည်း ဖြစ်လာစေသည်။

“ဂျပန်ဝန်ကြီးချုပ် ၁၀၀ ရှိခဲ့တဲ့အနက် အခုလို နေက်ခံသမိုင်းကြောင်းက ရှားရှားပါးပါး တစ်ဦးတည်းရှိတာပါ။ ဒါဟာ ဆက်ဆံရေးကောင်းမွန်ဖို့ အထူးအခြေအနေတစ်ခု ဖြစ်ပါတယ်” ဟု DPP ပါတီ၏ ကီလွန်ရပ်ကွက် အမတ်ဖြစ်ပြီး ကာကွယ်ရေးနှင့် နိုင်ငံခြားရေးရာ ကော်မတီအဖွဲ့ဝင်တစ်ဦးဖြစ်သည့်အပြင် လာမည့်နှစ်တွင် မြို့တော်တိုင်ပေ၏ မြို့တော်ဝင်အဖြစ် ဝင်ရောက်ရွေးချယ်ခံမည့် ဆိုင်ရှီယင်းက ပြောသည်။

ဂျပန်နှင့် ထိုင်ဝမ်တို့အကြား သံတမန်ဆက်ဆံရေးမရှိသော်လည်း တရုတ်၏ ရန်လိုလာမှုအပေါ် စိုးရိမ်မှု မြင့်တက်လာခြင်းကြောင့် ၂ နိုင်ငံအကြား ပိုမိုနီးစပ်လာစေခဲ့ပြီး ဂျပန်သည် ထိုင်ဝမ်၏ လုံခြုံရေးနှင့် တိုက်ရိုက်ဆက်စပ်နေကြောင်း မကြာသေးမီက ထုတ်ပြန်ခဲ့သည့် ကာကွယ်ရေးအစီအရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly