ပြင်ဦးလွင်တွင် အာဏာသိမ်းတပ်ထောက်ခံပွဲပြုလုပ်

ပြင်ဦးလွင်တွင် အာဏာသိမ်းတပ်ထောက်ခံပွဲပြုလုပ်

အောက်တိုဘာ ၂၅

အာဏာသိမ်းစစ်တပ်ကို ထောက်ခံဆန္ဒပြပွဲတစ်ခုကို မန္တလေးတိုင်း ပြင်ဦးလွင်မြို့တွင် လူအင်အား ၁၀၀ ကျော်က ယနေ့နံနက်တွင် ပြုလုပ်ကြသည်။

“မနက် ၈ နာရီလောက်က နာရီစင်ကိုတစ်ပတ်ပတ်သွားတယ်၊ သင်္ကန်းဝတ်နဲ့တစ်ယောက်ကဦးဆောင်ပြီး လမ်းလယ်ကနေလျှောက်သွားကြတာ၊ သူတို့အတွက်လမ်းရှင်းပေးထားတာတွေ့ရတယ်၊ လူတွေကြည့်ရတာ ကျွန်တော်တို့မြို့ခံတွေသိပ်မပါဘူးထင်တယ်” ဟု ပြင်ဦးလွင်မြို့ခံတစ်ဦးကပြောသည်။

အဆိုပါစစ်ကောင်စီထောက်ခံပွဲအား စစ်အာဏာသိမ်းပြီး ထောင်မှလွှတ်ပေးခဲ့သော အမျိုးသားရေးဝါဒီ မိုက်ကယ်ကျော်မြင့်က စီစဉ်ခြင်းဖြစ်ပြီး ဆန္ဒပြပွဲလိုက်သူများတွင် ပြင်ဦးလွင်အခြေစိုက်စစ်တပ်ထဲနေသူများပါဝင်သည်ကို တွေ့ရသည်။

ဆန္ဒပြသူများက မန္တလေး-လားရှိုးလမ်းအတိုင်းတက်လာပြီး နာရီစင်ကိုတစ်ပတ်ပတ်ကာ လူအုပ်စုလိုက် ထွက်လာခဲ့သည့်တပ်အတွင်းပြန်ဝင်ကာ ဆန္ဒပြမှုအဆုံးသတ်ခဲ့ကြသည်။

ယနေ့ နေ့လယ် ၁ နာရီတွင်လည်း မန္တလေး နန်းမြို့ရိုးရှေ့တွင် နောက်တစ်ပွဲပြုလုပ်သွားမည်ဟု မိုက်ကယ်ကျော်မြင့်က သတင်းဖြန့်ထားသည်။

ရွေးကောက်ခံ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရလက်ထက် မိုက်ကယ်ကျော်မြင့်မှာ အစိုးရကိုအကြည်ညိုပျက်စေမှုဖြင့် ရန်ကုန်အင်းစိန်အကျဉ်းထောင်တွင်းမှ တရားရင်ဆိုင်နေခဲ့ရသော်လည်း ဖေဖော်ဝါရီလ အာဏာသိမ်းပြီးမကြာမီပင် အမှုပိတ်ပေး၍ လွတ်မြောက်လာခဲ့သည်။

အစ္စလာမ်ဘာသာမုန်းတီးရေးလှုံ့ဆော်လေ့ရှိသူ မိုက်ကယ်ကျော်မြင့်က ၎င်းတို့ပြုလုပ်မည့်စစ်ကောင်စီထောက်ခံပွဲများတွင် ဒေသကာကွယ်ရေးတပ်ဖွဲ့များရောက်လာလျှင် တစ်ယောက်မှအသက်မရှင်စေရဟုလည်းကြုံးဝါးထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly