တရုတ်၏ ခြိမ်းခြောက်မှု ကြီးထွားလာချိန်တွင် ဥရောပသမဂ္ဂ က ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်မည်

By Zee5
25 October 2021
တရုတ်၏ ခြိမ်းခြောက်မှု ကြီးထွားလာချိန်တွင် ဥရောပသမဂ္ဂ က ထိုင်ဝမ်နှင့်ဆက်ဆံရေး တိုးမြှင့်မည်

ဥရောပသမဂ္ဂ (အီးယူ) က ထိုင်ဝမ်နှင့်ဆက်ဆံရေးတိုးမြှင့်သွားရေးနှင့် တရုတ်၏ရဲတင်းလွန်းမှု၊ ထိုင်ဝမ်၏ မိတ်ဖက်များအပေါ် နှောင့်ယှက်ရန် ကြိုးပမ်းမှုများကိုလည်းရင်ဆိုင်သွားမည်ဟု အောက်တိုဘာ၁၉ရက်တွင် ထုတ်ဖော်ပြောဆိုလိုက်သည်။

ထိုင်ဝမ်-အီးယူဆက်ဆံရေးကို အလေးထားဆွေးနွေးသော ဥရောပပါလီမန်မျက်နှာစုံညီအစည်းအဝေးတွင် ယှဉ်ပြိုင်မှုဆိုင်ရာဥရောပကော်မရှင်နာမာဂရက်သီဗက်စ်တာဂါက ပြောခဲ့ခြင်းဖြစ်ကြောင်း Taipei Times က ဖော်ပြသည်။

“ထိုင်ဝမ်နဲ့ဆက်ဆံရေးကို အားပေးမြှင့်တင်ရင်း အီးယူဟာ တရုတ်ရဲ့ရဲတင်းလွန်းမှုနှင့် ထိုင်ဝမ်နဲ့ စိတ်သဘောထားတူညီတဲ့ မိတ်ဖက်တွေကို နှောင့်ယှက်ဖို့ကြိုးပမ်းမှုတွေကို ရင်ဆိုင်ဖြေရှင်းသွားရပါမယ်” ဟုသူမ၏ မှတ်ချက်၌ပြောဆိုခဲ့သည်။

ထိုင်ဝမ်အနောက်တောင်ကမ်းရိုးတန်းအလွန်၌ တရုတ်စစ်လေယာဉ်များ ပျံသန်းမှုအပါအဝင် ထိုင်ဝမ်ရေလက်ကြား၌ တရုတ်၏စစ်အင်အားတိုးချဲ့လာမှုကိုလည်း ဗက်စတာဂါက ထောက်ပြခဲ့သည်။

ယင်းကဲ့သို့အင်အားပြမှုသည် အီးယူ၏လုံခြုံရေးနှင့် သာယာဝပြောမှုအပေါ် တိုက်ရိုက် သက်ရောက်မှုရှိနိုင်ကြောင်း ပြောဆိုခဲ့ပြီး အီးယူသည် ရေလက်ကြားတစ်လျှောက် တင်းမာမှုမြင့်တက်စေနိုင်သော တစ်ဖက်သတ်လုပ်ဆောင်ချက်မှန်သမျှကို ရှောင်ရှားရန် အဖွဲ့ဝင်နိုင်ငံများအား တိုက်တွန်းခဲ့သည်။

အီးယူသည် တရုတ်နှင့်ပတ်သက်သော စိုးရိမ်မှုများကို ဆက်လက် ဝေဖန်သွားမည်ဖြစ်ကြောင်းနှင့် G7 ကဲ့သို့သော စိတ်သဘောထားချင်းတူညီသည့် မိတ်ဖက်နိုင်ငံများနှင့်လည်း ပူးပေါင်းလုပ်ဆောင်မှု တိုးမြှင့်သွားမည်ဟု ဗက်စတာဂါက၎င်းမှတ်ချက်တွင်ဖော်ပြခဲ့သည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly