အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

By သတင်းနှင့်မီဒီယာ ကွန်ရက်
25 October 2021
အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲ၊ စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံး

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၅ ရက်။

အင်းတော်မြို့တွင် ဗုံး ၆ လုံးကွဲပြီး စစ်ကောင်စီ တပ်ဖွဲ့ဝင် ၃ ဦး သေဆုံးသွားသည်ဟု ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး၊ အင်းတော်မြို့ အဝင် စင့်ဟောက်ကျေးရွာအနီးရှိ ဂျပန်ပိတောက်ပင်အောက်ရှိသော်သော် ကွမ်းယာ ဆိုင်ရှေ့တွင် အောက်တိုဘာ ၂၄ ရက် နံနက်ပိုင်းက ဗုံး ၆ လုံးပေါက်ကွဲခဲ့ခြင်းဖြစ်သည်။

“သေတဲ့ သုံးယောက်စလုံး အရပ်ဝတ်နဲ့ဆိုတော့ ရဲလား စစ်သားလားခွဲလို့ မရသေးဘူး။ ဒဏ်ရာရတဲ့ သူတွေ လည်း ရှိသေးတယ်“ ဟု အသက် ၅၀ အရွယ် စင့်ဟောက်ကျေးရွာက အမျိုးသားတစ်ဦး က ပြောသည်။

သော်သော်ကွမ်းယာဆိုင်သည် အင်းတော်မြို့ အဝင်အထွက် စစ်ဆေးရေးဂိတ် အနီးတွင် ရှိသည့် ကွမ်း ယာဆိုင်ဖြစ်ပြီး စစ်သားများနှင့် ရဲတပ်ဖွဲ့ဝင်များပါ ကွမ်းယာ တောင်းစားနေသည့် ဆိုင် ဖြစ်သည်ဟု ဒေသခံရွာသားအချို့က ပြောသည်။

မန္တလေး၊ အင်းတော်၊ မြစ်ကြီးနား မဟာဗျူဟာ လမ်းကြီးပေါ်ရှိ ယင်းဂိတ်တွင် ရဲသား ၁၅ ဦး၊ ရဲမေ ၂ ဦး ခန့် အမြဲတမ်း ရှိပြီး ဖြတ်သန်းသွားလာနေသည့် ကားများကို ငွေတောင်းသည့် ဂိတ်ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဖားကန့် - မြစ်ကြီးနား ဘက်တက်သည် လောင်စာဆီတင် ကားတစ်စီးလျှင် ကျပ် ၅၀၀၀၀၊ ခရီးသည်တင် လေ အိပ် ကားများကို ကျပ် ၂၀၀၀၀၊ ဘက်ဖိုးတင်ကားဆိုလျှင် ကျပ်တစ်သိန်း ကောက်ခံလေ့ရှိသည့် ဂိတ် ဖြစ်သည်။

ယခုဗုံးပေါက်ကွဲမှုသည် အင်းတော်မြို့တွင် ပထမဆုံးပေါက်ကွဲမှုဖြစ်ပြီး အဆိုပါ ပေါက်ကွဲမှုတွင် ဗုံး ၆ လုံး ဆက် တိုက် ပေါက်ကွဲခဲ့သဖြင့် တစ်မြို့လုံး ထိတ်လန့်နေသည်ဟု သိရသည်။

စင့်ဟောက်ကျေးရွာက အသက် ၄၅ နှစ်အရွယ် ဒေသခံ အမျိုးသမီးတစ်ဦးက လည်း “ကွဲမယ့်ကွဲတော့ ၆ လုံး ဆက်တိုက်ကြီး ဆိုတော့ တမြို့လုံး ကြောက်လဲကြောက် အံ့လဲသြကုန်တာပ“ ဟု ပြောသည်။

ယခုပေါက် ကွဲမှုသည် မည်သူမည်ဝါ၏ လက်ချက်ဖြစ်သည်ကို မသိရသေးပေ။

ကသာခရိုင်အတွင်းရှိ ကသာ၊ ထီးချိုင့်၊ ဗန်းမောက်၊ အင်းတော်မြို့နက်များတွင် စက်တင်ဘာလကတည်း က ပေါက်ကွဲမှုများ ဖြစ်ပွားခဲ့သည်။

အင်းတော်မြို့သည် အထက်မြန်မာနိုင်ငံ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ မြို့တစ်မြို့ဖြစ်ပြီး မန္တလေး-မြစ်ကြီး နား မီးရထားလမ်းပေါ်တွင် တည်ရှိ၍ မန္တလေးမြို့မှ မီးရထားလမ်းဖြင့်ဆိုပါက မိုင်ပေါင်း ၂ဝ၆ မိုင် ကွာဝေးသည့် မြို့တစ်မြို့ ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly