NUG၊ CRPH တို့နှင့် တွေ့ဆုံဆွေးနွေးရေးမူကို လက်မခံနိုင်ဟု စစ်ကောင်စီပြော

NUG၊ CRPH တို့နှင့် တွေ့ဆုံဆွေးနွေးရေးမူကို လက်မခံနိုင်ဟု စစ်ကောင်စီပြော

အောက်တိုဘာလ ၂၄ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ NUG နှင့် တွေ့ဆုံဆွေးနွေးညှိနှိုင်းရေး မူကို လက်ခံနိုင်မည်မဟုတ်ကြောင်း စစ်ကောင်စီက ယမန်နေ့ အောက်တိုဘာ ၂၃ရက်နေ့တွင် ထုတ်ပြန်လိုက်သည်။

စစ်အာဏာသိမ်းမှုနောက်ပိုင်းအခြေအနေနှင့် အာဆီယံအထူးကိုယ်စားလှယ်ကိစ္စတို့နှင့်ပတ်သက်ပြီး စစ်ကောင်စီ၏သတင်းနှင့်ပြန်ကြားရေးက ထုတ်ပြန်ချက်တွင် (NUG)၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီနှင့် ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ကို တွေ့ဆုံဆွေးနွေးရန် ငြင်းဆန်ထားခြင်းဖြစ်သည်။ 

NUG၊ CRPH၊ PDF တို့ကို အားပေးကူညီပံ့ပိုးနေသည့် နိုင်ငံများ၊ အဖွဲ့အစည်းများကိုလည်း "ကျင့်ဝတ်အပေါ်မေးခွန်းထုတ်စရာဖြစ်ပါသည်" ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရအနေဖြင့် ရွေးကောက်ပွဲတွင် မသမာမှုရှိသည်ဟု အကြောင်းပြကာ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က အာဏာသိမ်းခဲ့သည်။ သို့သော် ရွေးကောက်ပွဲရလာဒ်ကိုသာ ပြည်သူများက လက်ခံပြီး အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြမှုများ အာဏာသိမ်းပြီးရက်ပိုင်းအတွင်း၌ပင် နိုင်ငံအဝှမ်းတွင် ပေါ်ပေါက်ခဲ့သည်။ 

ထိုသို့ ဆန့်ကျင်ဆန္ဒပြမှုများကို စစ်ကောင်စီတပ်က ပစ်ခတ်ဖြိုခွင်းခြင်း၊ ဖမ်းဆီးနှိပ်စက်ခြင်းများပြုလုပ်ခဲ့ရာ အောက်တိုဘာ ၂၃ရက်ထိ သေဆုံးသူ ၁၁၉၆ဦးထက်မနည်းရှိခဲ့သည်။ ဖမ်းဆီးခံရသူမှာ ၉၁၇၅ဦး ရှိခဲ့ပြီး လက်ရှိအချိန်ထိ ၇၀၁၆ဦးမှာ အကျဉ်းထောင်များထဲတွင် ရှိနေဆဲဖြစ်သည်။ ယင်းအပြင် ဖမ်းဝရမ်းထုတ်ခံရထားသူမှာလည်း ၂၀၀၀ နီးပါးရှိနေသည်ဟု နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPP-B ၏ နေ့စဉ်မှတ်တမ်းအရ သိရသည်။

စစ်ကောင်စီက တိုင်းရင်းသားလက်နက်ကိုင်တော်လှန်ရေးအဖွဲ (EAO) များ၊ နိုင်ငံရေးပါတီများနှင့် တွေ့ဆုံမှုကိုသာ ဆက်လုပ်မည်ဟု ဆိုထားသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ အောက်တိုဘာ ၂၁ရက်အထိ PDF ဘက်က တိုက်ခိုက်မှု ၉၈၆ကြိမ်၊ ဗုံးခွဲတိုက်ခိုက်မှု ၂၃၄၄ကြိမ်၊ မီးရှို့ ဖျက်ဆီးမှု ၃၁၂ကြိမ် စုစုပေါင်း ၃၆၄၂ကြိမ် ပြုလုပ်ခဲ့သည်ဟု ဆိုသည်။ တိုက်ခိုက်မှုကြောင့် လုံခြုံရေးအဖွဲ့ဝင် စစ်သား ၇၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၉၃ ဦး နှင့် အစိုးရဝန်ထမ်း ၁၄ ဦး စုစုပေါင်း ၁၈၂ ဦး သေဆုံးပြီး ၆၀၂ ဦး ဒဏ်ရာရရှိထားသည်ဟု ပါရှိသည်။ 

အရပ်သား ၁၁၅၅ဦးမှာ PDF ၏ လုပ်ရပ်ကြောင့် သေဆုံးပြီး ၇၆၅ဦး ဒဏ်ရာရကြောင်းလည်း စွပ်စွဲထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly