တရုတ်အစိုးရကို သရော်သည့် သီချင်းဆိုသော အဆိုတော် ၂ ဦး၏ SinaWeibo အကောင့် အပိတ်ခံရ

By Sify
24 October 2021
တရုတ်အစိုးရကို သရော်သည့် သီချင်းဆိုသော အဆိုတော် ၂ ဦး၏ SinaWeibo အကောင့် အပိတ်ခံရ

မလေးရှားရက်ပ်အဆိုတော် နမ်မီဝီးနှင့် ထိုင်ဝမ်အခြေစိုက် ဩစတြေးလျအဆိုတော် ကင်ဘာလေချန်တို့က တရုတ်ကွန်မြူနစ်အစိုးရကို သရော်လှောင်ပြောင်သည့် သီချင်းဗီဒီယိုထုတ်လွှင့်ပြီးနောက် တရုတ်အင်တာနက်စာမျက်နှာ SinaWeibo က ၎င်းတို့အကောင့်များကို အောက်တိုဘာ ၁၆ ရက်တွင် ပိတ်ပင်လိုက်သည်။

နမ်မီဝီးရေးသားသော သီချင်းတွင် အလွယ်တကူဥပဒေချိုးဖောက်ခံနေရသော တရုတ်လူမျိုးအင်တာနက် အသုံးပြုသူများနှင့် ရှင်ကျန်းရှိ ဝီဂါမျိုးနွယ်စုအပေါ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ဖိနှိပ်မှုတို့ကို ရည်ညွှန်းထားသည်များပါရှိသည်။

အဆိုတော် ၂ ဦးစလုံးသည် တရုတ်နှင့်ဆက်နွယ်သော အကြောင်းအရာအမျိုးမျိုးနှင့်သမ္မတရှီ၏ နိုင်ငံရေးလှုံ့ဆော်မှုဖြစ်သော “ဘုံ ကြွယ်ဝချမ်းသာမှု” ဟူသော ဆောင်ပုဒ်ကိုလည်း ညွှန်းဆိုခဲ့ကြသည်။

ပန်ဒါဝက်ဝံရုပ်က နောက်ခံကားချပ်ပေါ်တွင် ကပြီးအလုပ်လုပ်နေစဉ် အဆိုတော် ၂ ဦးက တရုတ်နှင့်ပတ်သက်သော အကြောင်းအရာမျိုးစုံကို ရည်ညွှန်းဆိုခဲ့ကြသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကို အရိပ်အမြွက်ပြောရာတွင် ခွေး၊ ကြောင်၊ လင်းနို့နှင့် ကြောင်ကတိုးတို့အတွက် မေတ္တတရားကိုလည်း ဖော်ပြခဲ့သည်ဟုTaiwan News က ဆိုသည်။

လူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မထီမဲ့မြင်ပြုသည့် တရုတ်ကို တစ်ကမ္ဘာလုံးက ကဲ့ရဲ့နေချိန်တွင် အဆိုပါ သီချင်းထွက်ပေါ်လာခြင်းဖြစ်သည်။

Pew Research Center မှပြီးခဲ့သည့် သီတင်းပတ်ကထုတ်ပြန်ခဲ့သော စစ်တမ်းတစ်ခုအရ ဖွံ့ဖြိုးပြီးနိုင်ငံ ၁၇နိုင်ငံတွင် ဖြေဆိုသူပျှမ်းမျှ ၆၉ရာခိုင်နှုန်းသည် တရုတ်အပေါ် အနုတ်လက္ခဏာဆောင်သော အမြင်ရှိကြပြီး အဓိအားဖြင့် တရုတ်သည် ပြည်သူများ၏ ကိုယ်ပိုင်လွတ်လပ်ခွင့်ကို မလေးစားသောကြောင့်ဖြစ်သည်။

ထို့ပြင် တရုတ်သည် ၎င်း၏ကမ်းကုန်သော လူ့အခွင့်အရေးချိုးဖောက်မှုများနှင့်ပတ်သက်၍ အနောက်နိုင်ငံများ၏ဖိအားကိုလည်း ကြုံတွေ့နေရသလို စွပ်စွဲချက်များကို ချေပရန်နှင့် ဝေဖန်မှုများကို လမ်းလွှဲရန် ၎င်းလက်နက်ကိရိယာအားလုံးကို ဒေါသတကြီးအသုံးပြုနေသည်။

အမေရိကန်က ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တရုတ်ကို လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ကြောင်း ပထမဆုံးစွပ်စွဲပြောဆိုပြီး သံတမန်ရေးရာဖိအားမြင့်တက်လာသည်နှင့်အမျှ အခြားနိုင်ငံများကလည်း အလားတူစွပ်စွဲခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required