မုံရွာမြို့ရှိ ၄ နေရာကို တစ်ပြိုင်နက်တိုက်ခိုက်နိုင်ခဲ့ဟု PDF ပြော

မုံရွာမြို့ရှိ ၄ နေရာကို တစ်ပြိုင်နက်တိုက်ခိုက်နိုင်ခဲ့ဟု PDF ပြော

အောက်တိုဘာ ၂၃

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ နေရာ လေးခုကို ပြောက်ကျားစနစ်ဖြင့် တစ်ပြိုင်နက်တည်း တိုက်ခိုက်နိုင်ခဲ့ကြောင်း People’s Defence Force - South Monywa တာဝန်ရှိသူမှ ပြောသည်။

ယမန်နေ့ အောက်တိုဘာ ၂၂ ရက်နေ့ ညပိုင်း ၈နာရီ မိနစ် ၃၀ မှ ၉ နာရီ ဝန်းကျင်အတွင်း တိုက်ခိုက်မှုများကို အပြီးသတ်နိုင်ခဲ့ကာ Mytel ရုံးအစောင့် တစ်ဦး၊ စစ်ကောင်စီတပ်သား သုံးဦး၊ စစ်ကား တစ်စီး ထိခိုက်ခဲ့ကြောင်းသိရသည်။

"ကျွန်တော်တို့ ရဲဘော်တွေအားလုံး လူခွဲပြီး အချိန်တစ်ပြိုက်နက်ထဲ စခဲ့ကြတာ၊ ၆နာရီလောက်မှာ အစီစဉ်တွေဆွဲပြီး ၇ နာရီခွဲမှာ စပြီးအလုပ်လုပ်တယ်။ ၉နာရီလောက်မှာ မစ်ရှင်အောင်တယ်" ဟု People’s Defence Force - South Monywa တာဝန်ရှိသူမှ ပြောသည်။

တိုက်ခိုက်မှုဖြစ်စဉ်တစ်ခုမှာ မြဝတီရပ်ကွက်၊ ကျောက္ကာလမ်းတွင်ရှိသည့် စစ်တပ်ပိုင် Mytel ရုံးအတွင်းသို့ ဗုံးပစ်ထည့်ခဲ့ခြင်းဖြစ်ပြီး ရုံးအစောင့်ဝန်ထမ်းတစ်ဦးထိခိုက်သွားကြောင်း People’s Defence Force - South Monywa မှ ယမန်နေ့ ညပိုင်းအချိန်က ထုတ်ပြန်ထားသည်။

အဆိုပါဖြစ်စဉ်တွင် Mytel ရုံးအတွင်း၌ နိုင်ငံခြားသား နှစ်ဦးနှင့် မြန်မာ နှစ်ဦးရှိနေခဲ့၍ ၎င်းတို့ပါ ထိခိုက်နိုင်ကြောင်းနှင့် အမြန်ပြန်ဆုတ်လာရ၍ အခြေအနေ အသေးစိတ်ကို မသိခဲ့ရကြောင်းလည်း ဆိုသည်။

ဒုတိယတိုက်ခိုက်မှုမှာ သာစည်မီးပွိုင့်နှင့် ဘူတာအကြားတွင်ဖြစ်ပြီး စစ်ကောင်စီတပ်သားများရှိရာသို့ ဗုံးပစ်ထည့်ခြင်းဖြစ်ကာ အနည်းဆုံးတပ်သားနှစ်ဦး ထိခိုက်သွားကြောင်း People’s Defence Force - South Monywa ထံက သိရသည်။

တတိယ တိုက်ခိုက်မှုမှာ တရုတ်သုသာန်အနီးရှိ စစ်ကောင်စီစစ်ကြောင်းကို မိုင်းခွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ကားတစ်စီး ထိခိုက်သွားကြောင်း ၎င်းက ဆိုသည်။

နောက်ဆုံးဖြစ်စဉ်မှာ မြို့တော်ခန်းမ ဗိုလ်ချုပ်ကြေးရုပ်အနီးရှိ ဓါတ်တိုင်အနား မိုင်းခွဲခဲ့ပြီး စစ်ကောင်စီတပ်သားတစ်ဦး ထိခိုက်ခဲ့ကြောင်း People’s Defence Force - South Monywa မှထုတ်ပြန်ထားသည်။

တိုက်ခိုက်မှုဖြစ်စဉ် အားလုံးအတွက် ထိခိုက်သေဆုံးမှုနှင့် ဒဏ်ရာရရှိမှု အသေးစိတ်ကို ရဲဘော်များ၏ လုံခြုံရေးအရ စောင့်ကြည့် မှတ်သားရန် မဖြစ်နိုင်သောကြောင့် အသေးစိတ် မဖော်ပြနိုင်ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ တစ်ပြိုင်နက် တိုက်ခိုက်မှုဖြစ်စဉ်တွင် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်တစ်ဦး ယမ်းစင်၍ လက်တွင်ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ) ရခဲ့ကြောင်းလည်း သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly