ရန်ကုန်မြို့လယ်ခေါင် နှင့် သန်လျင်ရှိ စစ်ကောင်စီတပ်စွဲရာ စခန်းနှစ်ခု တိုက်ခိုက်ခံရ

ရန်ကုန်မြို့လယ်ခေါင် နှင့် သန်လျင်ရှိ စစ်ကောင်စီတပ်စွဲရာ စခန်းနှစ်ခု တိုက်ခိုက်ခံရ

အောက်တိုဘာ ၂၃

ရန်ကုန် မြို့လယ်ကောင်ရှိ စစ်ကောင်စီတပ်စွဲထားရာ ကင်းစခန်း တစ်ခုနှင့် သန်လျင်မြို့နယ်ရှိ စစ်ကောင်စီ တပ်စွဲရာ နေရာတစ်ခုတို့ ယနေ့ အောက်တိုဘာ ၂၃ ရက် မနက် အစောပိုင်းအချိန်က ပစ်ခတ်ခံလိုက်ရကြောင်း ဒေသခံများထံက သိရသည်။

ရန်ကုန်တိုင်း၊ ဗိုလ်တထောင်မြို့နယ်၊ မဟာဗန္ဓုလ တံတားအဆင်း မီးပွိုင့်ထောင့်ရှိ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ စောင့်ကြပ်နေသော ဘန်ကာစခန်းသည် ယနေ့ အရုဏ်တက်ချိန် တွင် ပစ်ခတ်ခံခဲ့ရခြင်း ဖြစ်သည်။

"အစောကြီးပဲ။ သေနတ်သံတွေ ကြားလိုက်ရတယ်။ မနက်မှ မေးကြည့်တော့ အပစ်ခံ ရတာတဲ့။ အဲဒီထဲမှာက နေ့လည်ဘက်ဆို ရဲရော၊ မော်တော်ပီကယ်ရော ရှိတယ်။ ညပိုင်းဆိုရင်တော့ စစ်သားတွေပဲ ရှိတယ်" ဟု ဗိုလ်တထောင်မြို့နယ်တွင် နေထိုင်သူတစ်ဦးက ပြောသည်။

လူမှုကွန်ရက်တွင် ပျံ့နှံံ့နေသည့် ဗွီဒီယိုဖိုင် တစ်ခုတွင် အဆိုပါကင်းစခန်းအား ပစ်ခတ် တိုက်ခိုက် နေသည်ကို တွေ့ရပြီး ရန်ကုန်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့က တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု စုံစမ်းသိရှိရသည်။

ပစ်ခတ်မှုတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် လေးဦး သေဆုံးသည်ဟု သတင်းများ ထွက်ပေါ်နေသော်လည်း မဇ္ဈိမက သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။

ထို့ပြင် သန်လျင်မြို့နယ်၊ သန်လျင်လမ်းမကြီး၊ ကိုတင်မောင် မှတ်တိုင်နှင့် ဘုရားလေး မှတ်တိုင် အကြားရှိ စစ်ကောင်စီ လုံခြုံရေး စခန်းတစ်ခုလည်း ယနေ့ နံနက် ၇ နာရီခန့်က ပစ်ခတ်ခံရကြောင်း ဒေသခံများက ပြောသည်။

“အဲဒီမှတ်တိုင် နှစ်ခုကြားမှာ သင်္ချိုင်းတစ်ခုရှိတယ်။ အဲဒီနားမှာ သူတို့လုံခြုံရေးစခန်းတစ်ခု ရှိတယ်။ အပစ်ခံရတာ တစ်ယောက် သေတယ်ပြောတယ်" ဟု သန်လျင် ဒေသခံတစ်ဦးက ပြောသည်။

အဆိုပါ ပစ်ခတ်မှုနှင့် ပတ်သက်၍ ထိခိုက်မှုရှိမရှိကို မဇ္ဈိမက စုံစမ်းနေဆဲဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required