ကျောက်ထုနယ်မြေ ရဲစခန်းမှ CDM ရဲတပ်သားကို YDF- ဆော၊ ကျောက်ထု အဖွဲ့က လွတ်မြောက်နယ်မြေသို့ ပို့ပေး

ကျောက်ထုနယ်မြေ ရဲစခန်းမှ CDM ရဲတပ်သားကို YDF- ဆော၊ ကျောက်ထု အဖွဲ့က လွတ်မြောက်နယ်မြေသို့ ပို့ပေး

အောက်တိုဘာ ၂၃

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ ကျောက်ထုနယ်မြေရဲစခန်းက အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု( CDM) ပြုလုပ်လာသည့် ရဲတပ်သား ကောင်းထက်ကျော်ကို ယနေ့ အောက်တိုဘာလ ၂၃ ရက်တွင် လွတ်မြောက်နယ်မြေသို့ ဘေးမသီ၊ ရန်မခ ပို့ဆောင်ပေးခဲ့သည်ဟု ယောဒေသကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၁ ရက် ညပိုင်းတွင် CDM ပြုလုပ်ပြီး YDF- ဆော၊ ကျောက်ထု အဖွဲ့ ထံ လာရောက် ခိုလှုံခဲ့ခြင်းဖြစ်သည်။

"နောက်နောင်တွင် စစ်လက်နက် အပြည့်အစုံနှင့်တကွ YDF- ဆော၊ ကျောက်ထု အဖွဲ့ထံ ဝင်ရောက် လာပါက ထိုက်တန်သော ဆုကြေးငွေကို ပေးအပ်၍ ယခုကဲ့သို့ လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်” ဟု ယောဒေသ ကာကွယ်ရေးတပ်က ကြေညာထားသည်။

ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက်နေ့ကလည်း ဆောမြို့နယ်၊ လောင်းရှည် မြို့မရဲစခန်းက ရဲတပ်သား ကျော်သီဟသည် CDM ပြုလုပ်ကာ ပြည်သူနှင့် အတူ ပူးပေါင်းခဲ့ပြီး အောက်တိုဘာလ ၂၁ ရက်နေ့တွင် လွတ်မြောက်နယ်မြေသို့ ရောက်ရှိသွားခဲ့သည်။

ယင်းအပြင် ဆောမြို့ ၊ မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းမောင်သည်လည်း အောက်တိုဘာလ ၁၄ ရက်တွင် YDF- ဆော၊ ကျောက်ထု အဖွဲ့ထံ လာရောက်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သေးသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်၊ အရာတော်မြို့ ၊ မြို့မရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်း ပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၅ ရက်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူလူထုနှင့် ပူးပေါင်းလာသော တပ်မတော် သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) က ပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ကတိပြု ကြေညာထားသည်။

ယောဒေသကာကွယ်ရေး တပ်ဖွဲ့ဝင်များ အားကောင်းရာ မကွေးတိုင်းဒေသကြီး အတွင်း ယောဒေသ ကာကွယ်ရေးတပ် ( YDF ) တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများလည်း ဆက်တိုက် ဖြစ်ပွားနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly