သားကို မတွေ့၍ ဖခင်ကို စစ်ကောင်စီတပ်က ပစ်သတ်မှု ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာတွင် ဖြစ်ပွား

သားကို မတွေ့၍ ဖခင်ကို စစ်ကောင်စီတပ်က ပစ်သတ်မှု ရေဖြူမြို့နယ်၊ ဝက်ချောင်းကျေးရွာတွင် ဖြစ်ပွား
ဓာတ်ပုံ - ဦးကြည်သိန်းပုံ

အောက်တိုဘာ ၂၂

ထားဝယ်ခရိုင် ၊ ရေဖြူမြို့နယ်၊ ပုဂေါဇွန်းကျေးရွာအုပ်စု၊ ဝက်ချောင်းကျေးရွာတွင် ပြည်သူ့ကာကွယ်ရေးတပ် (PDF) နှင့် ဆက်စပ်သည်ဟု သံသယရှိသူအား လာရောက်ရှာဖွေရာ မတွေ့ရှိသဖြင့် ၎င်း၏ ဖခင်ဖြစ်သူအား စစ်ကောင်စီတပ်က သေနတ်ဖြင့် ပစ်သတ်မှု ဖြစ်ပွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

အသက် ၆၃ နှစ်အရွယ် ဦးကြည်သိန်းသည် အောက်တိုဘာလ ၂၀ ရက် ည ၁၀ နာရီ ၁၅ မိနစ် အချိန်တွင် ပစ်သတ်ခံလိုက်ရခြင်း ဖြစ်ပြီး ၎င်း၏ ရုပ်အလောင်း စစ်ကောင်စီတပ်က ယူဆောင်သွားသည်ဟု ဒေသခံများက ဆိုသည်။

''တကယ်က ဦးကြည်သိန်းသားကို သံသယရှိ ဆိုပြီး စစ်တပ်က လာဖမ်းတာ။ အဲဒါကို အဖေ ဖြစ်သူက စစ်သားတွေ အိမ်ပေါ် တက်လာတာကို ကြောက်ပြီး အိမ်တံခါးပေါက်ကနေ ခုန်ချပြီးပြေးတာ။ စစ်သားတွေက လေးချက်ပစ်တာ။ ကျည်ထိပြီး ဆုံးသွားတယ်'' ဟု ဒေသခံတစ်ဦးက ပြောသည်။

အောက်တိုဘာ ၂၀ ရက် နံနက်ပိုင်းက အသတ်ခံလိုက်ရသော ဒလန်ဟု သတ်မှတ်ခံရသူ ဦးမိုးဟိန်း၏ အဖွဲ့ဝင်တစ်ဦးက ဦးကြည်သိန်း၏ သားဖြစ်သူသည် PDF များနှင့် ဆက်စပ်မှု ရှိသည်ဟု ဆိုကာ အကြမ်းဖက်စစ်တပ်ကို လမ်းပြခေါ်ဆောင်လာပြီး ဖမ်းခိုင်းခြင်း ဖြစ်သည်ဟု ဒေသခံများက ဆိုသည်။

ဦးကြည်သိန်း၏ သားဖြစ်သူသည် အိမ်တွင် မရှိသည်မှာ ကြာပြီဖြစ်ပြီး အဆက်အသွယ် မရကြောင်း မိသားစုဝင်များက ဆိုသည်။

ဦးကြည်သိန်း၏ အလောင်းကို ယမန်နေ့ အောက်တိုဘာလ ၂၁ ရက် ညနေပိုင်းတွင် ထားဝယ်မြို့ပေါ်သို့ လာရောက်ယူရန် မိသားစုဝင်များကို စစ်ကောင်စီတပ်က အကြောင်းကြားလာခဲ့သော်လည်း မည်သူမျှ သွားမယူရဲကြကြောင်း ဒေသခံများက ပြောသည်။

ခမောင်းချောင်းရွာက ဒလန်ဟု သတ်မှတ်ခံထားရသူ ဦးမိုးဟိန်း ရှင်းလင်းခံရပြီးနောက် ဝက်ချောင်းရွာက လူငယ် လေးဦးခန့်ကို အကြမ်းဖက် စစ်ကောင်စီက သံသယရှိသည်ဟု ဆိုကာ အကြောင်းမဲ့ ဖမ်းဆီးသွားခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required