စင်္ကာပူက ဘဏ္ဍာရေးအရှိန်အဝါဖြင့် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးနိုင်ဟု အမေရိကန်အရာရှိ ပြော

စင်္ကာပူက ဘဏ္ဍာရေးအရှိန်အဝါဖြင့် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးနိုင်ဟု အမေရိကန်အရာရှိ ပြော

အောက်တိုဘာ ၂၂

ယိုယွင်းဆိုးရွားလာနေသည့် လူသားချင်းစာနာမှုနှင့် စီးပွားရေး အကျပ်အတည်းတစ်ခု ဖြစ်ပေါ်နေသည့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည်ပို့ဆောင်နိုင်ရေး အာဏာသိမ်းစစ်အုပ်စုအပေါ် ဖိအားပေးရန်အတွက် စင်္ကာပူတွင် အ‌ရေးပါ အရာရောက်သည့် ဘဏ္ဍာရေးအရှိန်အဝါ ဖြန့်ကျက်အသုံးချနိုင်စွမ်း ရှိနေဟု အမေရိကန် အဆင့်မြင့်အရာရှိတစ်ဦးက အောက်တိုဘာ ၂၁ ရက်တွင် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသည် “အာရှ၏ အလယ်ဗဟိုတွင် ကျရှုံးနိုင်ငံ” တစ်နိုင်ငံ ဖြစ်လာမည့် အန္တရာယ်နှင့် ကြုံနေရစဉ် မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးရေးအတွက် ဒေသတွင်း နိုင်ငံများနှင့် ပူးပေါင်းလုပ်ဆောင်မှုက အလွန်အရေးကြီးသည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အတိုင်ပင်ခံ ဒါရက်ခ် ချောလက်တ်က ဂျာကာတာကနေ တယ်လီကွန်းဖရင့်တစ်ခုတွင် ပြောခဲ့သည်။

ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်းခဲ့သည့် မြန်မာစစ်အုပ်စုနှင့် ဆက်နွယ်ပတ်သက်သည့် လူပုဂ္ဂိုလ်များ၊ အဖွဲ့အစည်းများအပေါ် ဒဏ်ခတ်ပိတ်ဆို့သည့် အမေရိကန်၏ လုပ်ဆောင်ချက်များကို ပြောကြားရင်း ချောလက်တ်က စင်္ကာပူတွင်လည်း အလားတူ သြဇာအရှိန်အဝါမျိုး ပိုင်ဆိုင်ထားသည်ဟု ပြောသည်။

“စင်္ကာပူဟာ အရမ်းကို အရေးပါတဲ့ နေရာတစ်ခုမှာ ရှိနေပါတယ်၊ သူ့မှာ ရှိတဲ့ နည်းလမ်းနဲ့ပတ်သက်လို့ အဲဒီမှာ ကျွန်တော်တို့ရဲ့ ပါတနာတွေနဲ့ အင်မတန်ကောင်းမွန်တဲ့ ဆွေးနွေးမှုတစ်ခုလည်း လုပ်ထားခဲ့ပါတယ်၊ မြန်မာမှာ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်ရောက်အောင် စစ်အုပ်စုကို ဖိအားပေးဖို့ ကျွန်တော်တို့ သုံးလို့ရနိုင်တဲ့ သြဇာအရှိန်အဝါတွေ အသုံးပြုသွားနိုင်ဖို့နဲ့ပတ်သက်လို့ ရှေ့ဆက်ပြီးအတူတကွ လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု ၎င်းက ပြောသည်။

ချောလက်တ်သည် အရှေ့တောင်အာရှဒေသသို့ သုံးရက်ကြာ ခရီးစဉ်တစ်ခု ရောက်ရှိနေခဲ့စဉ် အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်ပြီး ၎င်းသည် ထိုင်း၊ စင်္ကာပူ၊ အင်ဒိုနီးရှားတို့မှ နိုင်ငံခြားရေးဝန်ကြီးများနှင့် တွေ့ဆုံထားခဲ့ပြီး ဖြစ်သည်။

၎င်းသည် စင်္ကာပူ ငွေကြေးအာဏာပိုင်အဖွဲ့နှင့် တွေ့ဆုံခဲ့ပြီး “မြန်မာစစ်အုပ်စု ပြည်ပရှိ ဘဏ္ဍာရေးပိုင်ဆိုင်မှုများ ရယူ အသုံးပြုနိုင်ခြင်း မရှိစေရေး ပိတ်ပင်ကန့်သတ်မည့် နည်းလမ်းများ” ကို ဆွေးနွေးခဲ့သည်ဟု ၎င်းက အောက်တိုဘာ ၂၀ ရက်တွင် တွစ်တာကနေ ပြောခဲ့သည်။

စင်္ကာပူနိုင်ငံခြားရေးဝန်ကြီးဌာနက လက်တလော မှတ်ချက်ပေးခြင်း မရှိသေးပေ။

စင်္ကာပူသည် မကြာ‌သေးခင် နှစ်များအတွင်း မြန်မာ၏ အကြီးဆုံးသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ရင်းမြစ်တစ်ခု ဖြစ်ခဲ့ပြီး ယင်းနောက် အာဏာသိမ်းစစ်အုပ်စုကို ဖိအားပေးရန် အလို့ငှာ ယင်းကဲ့သို့သော စီးပွားရေး ဆက်ဆံပတ်သက်မှုများ ဖြတ်တောက်ရန် တိုက်တွန်းခံခဲ့ရသည်။

၎င်းသည် အရှေ့တောင်အာရှ ခရီးစဉ်အတွင်း မြန်မာနိုင်ငံ၌ ဒီမိုကရေစီလမ်းကြောင်းဆီ ပြန်လည်ရောက်ရှိရေး၊ အကြမ်းဖက်မှု ရပ်ဆိုင်းရေး၊ အမေရိကန် ဂျာနယ်လစ် ဒန်နီ ဖန်စတာ ကဲ့သို့ နိုင်ငံရေးအကျဉ်းသား ပြန်လည်လွတ်မြောက်နိုင်ရေး တို့နှင့်ပတ်သက်ပြီး ကူညီလုပ်ဆောင်ရန် ဒေသတွင်းနိုင်ငံများနှင့်အတူ လက်တွဲလုပ်ဆောင်‌ရေးကို ဆွေးနွေးခဲ့သည်ဟု ချောလက်တ်က ပြောခဲ့သည်။

လာမည့် ထိပ်သီးအစည်းအဝေးကနေ မြန်မာစစ်ခေါင်းဆောင်ကို ချန်လှပ်ရန် အာဆီယံက ပြီးခဲ့သည့်အပတ်က ဆုံးဖြတ်ခဲ့မှုမှာ မြန်မာစစ်အုပ်စုအပေါ် ဖိအားပေးရန် နိုင်ငံတကာ ဖိအားပေးမှုက မည်ကဲ့သို့ ထိရောက်နိုင်သလဲ ဆိုသည့် ဥပမာတစ်ခုပင် ဖြစ်ကြောင်း ၎င်းက ပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required