ဂျမူးနှင့် ကက်ရှ်မီးယားက အိန္ဒိယကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်စေရေး ကြိုးပမ်းမှုတွင် အဓိကကဏ္ဍကနေ ပါဝင်လိမ့်မည်ဟု ဆို

ဂျမူးနှင့် ကက်ရှ်မီးယားက အိန္ဒိယကို ကမ္ဘာ့အင်အားကြီးနိုင်ငံဖြစ်စေရေး ကြိုးပမ်းမှုတွင် အဓိကကဏ္ဍကနေ ပါဝင်လိမ့်မည်ဟု ဆို

ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေသည် အိန္ဒိယနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုပိုင်း၊ နိုင်ငံကို ကမ္ဘာ့အင်အားကြီးနိုင်ငံတစ်နိုင်ငံ ဖြစ်စေမည့် ယင်း၏ စက်မှုကဏ္ဍပိုင်းတို့တွင် အဓိက အခန်းကဏ္ဍတစ်ခုကနေ ပါဝင်လိမ့်မည် ဖြစ်ကြောင်း အိန္ဒိယ ကုန်သွယ်မှုနှင့် စက်မှုဝန်ကြီး ပီယွတ်ရှ် ဂိုယဲလ်က အောက်တိုဘာ ၁၈ ရက်က ပြောကြားခဲ့သည်။ ဂျမူးနှင့် ကက်ရှ်မီးယား (J&K) အစိုးရက ဒူဘိုင်း အစိုးရနှင့်အကြား အမျိုးမျိုးသော ပရောဂျက်များအတွက် နားလည်မှု စာချွန်လွှာ (MoU) တစ်ရပ် လက်မှတ်ထိုးစဥ် ၎င်းက အထက်ပါအတိုင်း ပြောခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့ဟာ ဂျမူးနှင့် ကက်ရှ်မီးယားနဲ့ အိန္ဒိယအတွက် အင်မတန် အရေးပါတဲ့ နေ့တစ်နေ့ ဖြစ်ပါတယ်၊ ဂျမူးနဲ့ ကက်ရှ်မီးယားဟာ မာနို ဆင်းဟာရဲ့ ဦးဆောင်မှုအောက်မှာ မြန်ဆန်တဲ့ အရှိန်နှုန်းထားတစ်ခုနဲ့အတူ ဖွံ့ဖြိုးတိုးတက်ထားခဲ့သလို ဒီကနေ့မှာ လက်မှတ်ထိုးခဲ့တဲ့ နားလည်မှု စာချွန်လွှာနဲ့အတူ ဂျမူးနဲ့ ကက်ရှ်မီးယားဟာ ကမ္ဘာ့အင်အားကြီး နိုင်ငံတစ်နိုင်ငံ ဖြစ်လာဖို့ အိန္ဒိယရဲ့ အားထုတ်မှုတွေမှာ ကြီးမားတဲ့ ကဏ္ဍကနေ ပါဝင်ပါလိမ့်မယ်” ဟု ၎င်းက ပြောသည်။

ထို့ပြင် ဒူဘိုင်းရှိ ကုမ္ပဏီတချို့က အိန္ဒိယနှင့် ဂျမူးနှင့် ကက်ရှ်မီးယားတို့တွင် ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားနေကြသည်ဟုလည်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။

အိမ်ခြံမြေ ဖော်ဆောင်မှု၊ စက်မှုဇုန် ဥယျာဥ်များ၊ အိုင်တီ တာဝါများ၊ ဘက်စုံသုံး တာဝါများ၊ ကုန်စည် သိုလှောင် ထောက်ပံ့ပို့ဆောင်မှု၊ ဆေးဘက်ဆိုင်ရာ ကောလိပ်၊ အထူးကု ဆေးရုံ တို့အပါအဝင် လုပ်ငန်းကဏ္ဍများအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်ဟု ဂျမူးနှင့် ကက်ရှ်မီးယား ပြည်ထောင်စုနယ်မြေ အကြီးအကဲ မာနို ဆင်းဟာ က ပြောသည်။

“ဒီနေ့က ဂျမူးနှင့် ကက်ရှ်မီးယား နဲ့ ဒူဘိုင်းအကြား ရင်းနှီးချစ်ကြည်မှုရဲ့ အရေးပါတဲ့ နေ့ဖြစ်ပါတယ်၊ ကျွန်တော်တို့ဟာ နက်ရှိုင်းတဲ့ ဆက်ဆံရေးတွေ အမြဲ ရှိပါတယ်၊ ပီယွတ်ရှ် ဂိုယဲလ်ရဲ့ အားထုတ်မှုတွေနဲ့အတူ ဘုံတန်ဖိုးတွေ၊ အပြန်အလှန် ယုံကြည်မှု၊ တစ်ဦးနဲ့တစ်ဦးအကြား အပြန်အလှန် လေးစားမှုတို့ဟာ ခုဆို ပိုမိုခိုင်မာလာခဲ့ပါပြီ” ဟု ဆင်းဟာက ပြောသည်။

“နားလည်မှု စာချွန်လွှာအတွက် ဝမ်းမြောက်မိပါတယ်၊ ဂျမူးနဲ့ ကက်ရှ်မီးယားကို အိန္ဒိယရဲ့ ကျန်တဲ့ ဒေသဧရိယာတွေနဲ့ ချိတ်ဆက်ပေးဖို့ ကျွန်‌တော်တို့ ကတိပြုရည်မှန်းထားပါတယ်၊ ဒါကို ဘယ်လို လုပ်ရမလဲ ဆိုတာနဲ့ အခက်အခဲတွေ ဘာတွေ ရှိလဲ ဆိုတာကို သိထားပါတယ်” ဟု ဒူဘိုင်း အခြေစိုက် ရင်းနှီးမြှုပ်နှံသူ ဆူလ်တန် ဘင် ဆူလာယမ်က ပြောသည်။

အိန္ဒိယပြည်တွင်း၌ ထုတ်လုပ်မှု အစီအစဥ်က လက်ရှိတွင် စတင်ကျင့်သုံးနေပြီ ဖြစ်ကြောင်းနှင့် ကမ္ဘာကြီးအနေဖြင့် ဂျမူးနှင့် ကက်ရှ်မီးယားမှ ထုတ်ကုန်တချို့ကို တွေ့မြင်ရလိမ့်မည်ဟုလည်း ၎င်းက ပြောခဲ့သည်။

အိန္ဒိယဝန်ကြီး ပီယွတ်ရှ် ဂိုယဲလ်က ၎င်း၏ ဒူဘိုင်းခရီးစဥ်အတွင်း ပြည်ထောင်စုနယ်မြေ၌ ရင်းနှီးမြှုပ်နှံမှုများ လုပ်နိုင်သည့် အလားအလာနှင့်ပတ်သက်၍ အရိပ်အမြွက် ပြောထားခဲ့သည်။ယင်းတွင် ဂိုယဲလ်သည် ယူအေအီး-အိန္ဒိယ အဆင့်မြင့်လယ်ဗယ် ပူးပေါင်းအထူးအဖွဲ့ အစည်းအဝေးတစ်ခုကို ပူးတွဲဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့သည်။၊ ၎င်းသည် ဒူဘိုင်း Expo 2020 ၌ အိန္ဒိယပြခန်းကို ဖွင့်လှစ်ပေးခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly