လောင်းရှည်မြို့မရဲစခန်းက ပြည်သူ့ဘက်ကူးပြောင်းလာသည့် ရဲတပ်သား လွတ်မြောက်နယ်မြေသို့ရောက်ရှိ

လောင်းရှည်မြို့မရဲစခန်းက ပြည်သူ့ဘက်ကူးပြောင်းလာသည့် ရဲတပ်သား လွတ်မြောက်နယ်မြေသို့ရောက်ရှိ

အောက်တိုဘာ ၂၁

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ၊ လောင်းရှည်မြို့ မြို့မရဲစခန်းမှ အကြမ်းမဖက် အာဏာဖီဆန်ရေး လှုပ်ရှားမှု( CDM) ပြုလုပ်လာသည့် ရဲတပ်သား ကျော်သီဟသည် ယနေ့ အောက်တိုဘာလ ၂၁ ရက် တွင် လွတ်မြောက်နယ်မြေသို့ ဘေးမသီရန်မခ ရောက်ရှိသွားပြီဟု ယောဒေသကာကွယ်ရေးတပ် (YDF- ဆော၊ ကျောက်ထု) အဖွဲ့ထံမှ သိရသည်။

အဆိုပါ ရဲတပ်သားသည် ပြီးခဲ့သည့် အောက်တိုဘာလ ၁၆ ရက် နံနက်ပိုင်းတွင် CDM ပြုလုပ်ပြီး YDF- ဆော၊ ကျောက်ထု အဖွဲ့ ထံ လာရောက်ခိုလှုံခဲ့ခြင်းဖြစ်သည်။

“နောက်နောင်တွင် စစ်လက်နက် အပြည့်အစုံနှင့်တကွ YDF- ဆော၊ ကျောက်ထုအဖွဲ့ထံ ဝင်ရောက်လာပါက ထိုက်တန်သော ဆုကြေးငွေကို ပေးအပ်၍ ယခုလို လွတ်မြောက်နယ်မြေ (သို့) ပြည်ပနိုင်ငံသို့ ရောက်ရှိအောင် ပို့ဆောင်ပေးသွားမည်” ဟု ယောဒေသ ကာကွယ်ရေးတပ်ဘက်က ကြေညာထားသည်။

ဆောမြို့ မြို့မရဲစခန်းက ရဲတပ်သား ငြိမ်းမောင်သည် အောက်တိုဘာလ ၁၄ ရက် က YDF- ဆော၊ ကျောက်ထု အဖွဲ့ထံလာရောက်ပြီး CDM ပြုလုပ်ကာ ပြည်သူ့ရင်ခွင်သို့ ခိုလှုံလာခဲ့သေးသည်။

ထို့ပြင် စစ်ကိုင်းတိုင်း ၊ အရာတော်မြို့နယ်၊ အရာတော်မြို့ မြို့မရဲစခန်းက ရဲတပ်သား ကောင်းထက်ဇော်နှင့် အမှတ် (၁၀) စစ်အခြေခံ လေ့ကျင့်ရေးတပ်မှ ဒုတပ်ကြပ် ကျော်လှိုင်ဦးတို့ နှစ်ဦးသည်လည်း အောက်တိုဘာလ ၆ ရက်တွင် CDM ပြုလုပ်ပြီး ပြည်သူ့ဘက် ပူးပေါင်းပါဝင်လာသည်ဟု အရာတော်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က အောက်တိုဘာလ ၁၅ရက်နေ့က ထုတ်ပြန်ထားသည်။

အကြမ်းဖက် စစ်ကောင်စီနှင့် လမ်းခွဲပြီး ပြည်သူလူထုနှင့် ပူးပေါင်းလာသော တပ်မတော်သားများနှင့် ရဲတပ်ဖွဲ့ဝင်များ၏ အကျိုးခံစားခွင့်ကို ပင်စင်အထိပါ တာဝန်ယူမည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) ကပြီးခဲ့သည့် ဩဂုတ်လ ၂၃ ရက်နေ့တွင် ထုတ်ပြန်ကြေညာထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required