အိမ်ရာစီမံကိန်းလုပ်ငန်း Evergrande Group အကျပ်အတည်း၏ သက်ရောက်မှုများကို ထိန်းချုပ်နိုင်ကြောင်း တရုတ်ဗဟိုဘဏ် ဥက္ကဌ ပြောကြား

အိမ်ရာစီမံကိန်းလုပ်ငန်း Evergrande Group အကျပ်အတည်း၏ သက်ရောက်မှုများကို ထိန်းချုပ်နိုင်ကြောင်း တရုတ်ဗဟိုဘဏ် ဥက္ကဌ ပြောကြား

တရုတ်အာဏာပိုင်များသည် အိမ်ရာစီမံကိန်းလုပ်ငန်း Evergrande Group ၏ အကျပ်အတည်းကြောင့် ဖြစ်ပေါ်လာသော စီးပွားရေးနှင့် ဘဏ္ဍာရေး စနစ်အတွက် အန္တရာယ်များကို ထိန်းချုပ်နိုင်ကြောင်း တရုတ်ဗဟိုဘဏ်၏ အုပ်ချုပ်ရေးမှုး ယိကန်က ပြောကြားလိုက်သည်။

အဆိုပါ ကုမ္ပဏီ၏ ပြဿနာသည် အနည်းငယ်စိုးရိမ်မှုကိုဖြစ်စေသည်ဟု အောက်တိုဘာ ၁၇ရက်တွင် ပြုလုပ်ခဲ့သော အုပ်စု-၃၀ ၏ အွန်လိုင်းအစည်းအဝေး၌ ယိက ပြောကြားခဲ့သည်။

" ခြုံပြောရရင် ကျွန်တော်တို့က Evergrandeအန္တရာယ်ကို ထိန်းချုပ်နိုင်ပါတယ် " ဟု ဆိုခဲ့သည်။

သမ္မတရှီကျင့်ဖျင်က အိမ်ခြံမြေဈေးကွက်အေးစေရန်တင်းကျပ်သော အစီအမံများကို ထိန်းသိမ်းထားသဖြင့် Evergrande၏ ကြွေးမြီအကျပ်အတည်းသည် အခြား ဆောက်လုပ်ရေးလုပ်ငန်းများသို့ပါ ကူးစက်သွားမည်ကို စိုးရိမ်မှုများ မြင့်တက်လျက်ရှိသည်။

Fantasia Holdings Group နှင့် Sinic Holdings Group ကုမ္ပဏီတို့ကလည်း အကြွေးပေးရန် ပျက်ကွက်မှု သတိပေးချက်ကြောင့်လည်း လွန်ခဲ့သည့် ၂ ပတ်အတွင်း ကြွေးမြီအကျပ်အတည်း ပျံ့နှံ့သွားမည်ကို စိုးရိမ်နေကြသည်။

အာဏာပိုင်များနှင့် ဒေသဆိုင်ရာအစိုးရများသည် ဈေးကွက် အခြေခံ၍ တရားဥပဒေစိုးမိုးရေးမူများကို အခြေခံ၍ အခြေအနေကို ဖြေရှင်းနေသည်ဟု တရုတ်ဗဟိုဘဏ်မှ တာဝန်ရှိသူ ကျိုလန်က အောက်တိုဘာ ၁၅ရက်က ပြောကြားခဲ့သည်။

Evergrande၏ ပြန်ဆပ်ရမည့်ကြွေးမြီများသည် ဘဏ္ဍာရေးစနစ်အတွင်းရှိ ရာပေါင်းများစွာသော အဖွဲ့အစည်းများတွင် ဖြန့်ကျက်တည်ရှိနေပြီး တစ်နေရာတည်းတွင် စုပုံမနေဟု ယိက ပြောကြားခဲ့သည်။

“ မြီရှင်တွေနဲ့ ရှယ်ယာရှင်တွေရဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားကို ဥပဒေနဲ့ အညီ အပြည့်အဝ လေးစားလိုက်နာ ရပါမယ်။ ပြီးတော့ ဒီဥပဒေက အဲဒီတာဝန်ဝတ္တရားတွေရဲ့ သက်တမ်းကို ရှင်းရှင်းလင်းလင်း ထောက်ပြထား ပါတယ်” ဟု သူက ဆိုသည်။

တရုတ်အစိုးရသည် စားသုံးသူများနှင့် အိမ်ဝယ်သူများကိုလည်း ကာကွယ်ရန် ကြိုးစားနေသည်ဟု သူက ဆိုခဲ့သည်။

“ အန္တရာယ်ကို ထိန်းထားခြင်းအားဖြင့် ကျွန်တော်တို့က အန္တရာယ်ကို စနစ်တကျကာကွယ်နိုင်မယ်လို့ ကျွန်တော် ထင်ပါတယ်။”

စက်တင်ဘာလတွင် ၂၆ နှစ်အတွင်း အလျင်မြန်ဆုံးအရှိန်ဖြင့် မြင့်တက်ခဲ့သော ထုတ်ကုန်ပစ္စည်းဈေးနှုန်းများ မြင့်တက်မှုသည် ၂၀၂၁ခုနှစ်အကုန်တွင် နှေးကွေးလာလိမ့်မည်ဟု ယိက ခန့်မှန်းခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly