လေယာဉ်ပျံသန်းမှု၊ ညပိုင်း ပစ်ခတ်မှုများကြောင့် မကွေး ဒေသခံများ ထိတ်လန့်

By သတင်းနှင့် မီဒီယာ ကွန်ရက်။
20 October 2021
လေယာဉ်ပျံသန်းမှု၊ ညပိုင်း ပစ်ခတ်မှုများကြောင့် မကွေး ဒေသခံများ ထိတ်လန့်

၂၀၂၁ ခုနှစ်‌ အောက်တိုဘာလ ၂၀ ရက်.။

မကွေး လေတပ်စခန်းမှ တိုက်လေယာဉ်များ ညစဉ်ဆက်တိုက် ပျံသန်းနေသည့်အပြင် မကွေးမြို့ပေါ်ရှိ ရပ်ကွက် အချို့တွင်လည်း ည ၁၂ နာရီ အချိန်အခန့်တွင် စစ်ကောင်စီတပ်က သေနတ်များဖြင့် ပစ်ခတ်မှုများရှိနေသည့် အတွက် ဒေသခံပြည်သူများ စိုးရိမ်ထိတ်လန့်နေကြသည်။

လေတပ်လေယာဉ်များက ညစဉ်ဆက်တိုက် လေယာဉ်များ ပျံသန်းနေပြီး အနီးအနားတွင်လည်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်များဖြင့် ပစ်ခတ်နေသည်ဟု ဒေသခံများက ပြောသည်။

မကွေးမြို့နယ် နွားကူးကျေးရွာမှ အသက် ၄၀ ခန့်ရှိ ဒေသခံတစ်ဦးက "ညက သေနတ်နဲ့ အသားလွတ် ၇ ချက် လောက်ပစ်တယ်။ ညတိုင်း လိုလို လေတပ်က လေယာဉ်တွေ တဝေါဝေါ နဲ့ ပျံနေတယ်။ အလုပ်အကိုင် အဆင်မ ပြေရတဲ့ကြားထဲ ကျီးလန့်စာ စားရသလို အထိတ်တလန့်ဖြစ်နေရတယ်" ဟု ပြောသည်။

အာဏာသိမ်း စစ်ကောင်စီ၏ တိုက်လေယာဉ်များက မိုးသည်းထန်စွာ ရွာသွန်းသည့် ညများမှ လွဲ၍ ညစဉ် ပျံသန်းမှုများ ပြုလုပ်နေခြင်း၊ မကြာခဏ သေနတ်များဖြင့် ပစ်ခတ်နေမှုတို့ကြောင့် ပြည်သူများအနေဖြင့် စိုးရိမ် ထိတ်လန့်နေကြရသည်ဟု ဒေသခံများက ပြောသည်။

မကွေးလေတပ်စခန်းမှ တိုက်လေယာဉ်များက အောက်တိုဘာလ ညပိုင်းများတွင် ညစဉ်ညတိုင်း တောင်အရပ်၊ အနောက်မြောက်များသို့ ဦးတည်၍ ပျံသန်းနေခြင်း ဖြစ်သည်ဟု ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

၂၀၂၁ ဇန်နဝါရီလကုန် အထိ ငြိမ်းချမ်းစွာနေခဲ့ရပြီး စစ်အာဏာသိမ်း ကတည်းက ထိတ်လန့်နေရကြောင်း စစ်ကောင်စီက အပစ်အခတ်ရပ်စဲရေးထုတ်ပြန်ထားသောလည်း ယခုကဲ့သို့ တိုက်ပွဲများတွင် လေယာဉ်သံ များ၊ သေနတ်သံများကြောင့် ညအိပ်လျှင်ရသည်ပင် အဆင်မပြေဖြစ်နေကြရသည်ဟု မကွေးမြို့က အသက် ၆၀ ကျော် အမျိုးသားတစ်ဦး က ပြောသည်။

ထို့အပြင် မကွေးမြို့ အဝင်/အထွက်ပြုလုပ်ရသည့် စစ်ဆေးရေးဂိတ်များတွင်လည်း ကိုဗစ်-၁၉ ကာကွယ်ဆေး ထိုးပြီးသူများသာ ဆေးထိုးပြီးကြောင်း ထောက်ခံစာဖြင့် ဝင်ထွက်သွားလာခွင့်ရသည်ဟု ဒေသခံများက ပြောသည်။

အဆိုပါ စစ်ဆေးရေးဂိတ်များတွင် လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်သားများ၏ ရှေ့တွင် ဆိုင်ကယ်များကို တွန်း၍သွားလာ ဝင်ထွက်နေကြရသည်ဟု သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly