ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံရ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
20 October 2021
ကြံ့ခိုင် ဖွံ့ဖြိုးရေး ပါတီ စည်းရုံးရေးမှူး တစ်ဦး ပစ်သတ်ခံရ

၂၀၂၁ ခုနှစ် အောက်တိုဘာလ ၂၀ ရက်။

ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုး ရေးပါတီ USDP ၏ စည်းရုံးရေးမှူး တစ်ဦး အောက်တိုဘာလ ၁၉ ရက်နေ့က တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့ပေါ်တွင် ပစ်သတ်ခံလိုက်ရသည်။

အသက် ၄၅ နှစ်အရွယ် USDP ပါတီ စည်းရုံးရေးမှူး ဦးထိန်လင်းသည် ဆိုင်ကယ် တက္ကစီမောင်းနေစဉ် ပစ်သတ်ခံရခြင်း ဖြစ်သည်ဟု မျက်မြင်သက်သေ တစ်ဦးက ပြောသည်။

မျက်မြင်တွေ့ရှိလိုက်သူ တစ်ဦး က “ကိုထိန်လင်းက သူ့ဆိုင်ကယ်ပေါ်မှာ ခွထိုင်နေပြီး တခြား တစ်ယောက်နဲ့ စကားပြောနေတုန်း ယမ်းပန်းဖေါက်သံလို အသံနှစ်ချက်ကြားလိုက်ရတယ်။ နောက်တော့ ဆိုင်ကယ်ပေါ်က ပြုတ် ကျသွားတယ်။ စကားရပ်ပြောနေတဲ့သူက အနားမှာရပ်ထားတဲ့ ဆိုင်ကယ်ပေါ် တက်မောင်းထွက်သွား တာ” ဟု ပြောသည်။

မြိတ်တောင်နယ်မြေ မြို့သစ်ရပ် အောင်ဆန်းလမ်းမကြီးနှင့် ဦးမြတ်လေးလမ်းမကြီး လမ်းဆုံရှိ မောင်သူ ကွန်ပြူ တာ၊ မိတ္တူနှင့် စာစီစာရိုက်ဆိုင်အရှေ့တွင် ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု သူက ပြောသည်။

ပစ်ခတ်ခဲ့သူသည် အခြားဆိုင်ကယ်တစီးနှင့် အတူ ပြန်လည်ထွက်သွားခဲ့သည်ဟု မျက်မြင်တွေ့သူများက ပြောသည်။

ဤပစ်ခတ်မှုကို People Defence Force Myeik ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ၎င်းတို့ ပြုလုပ်ခဲ့ခြင်းဖြစ်သည်ဟု ပစ်ခတ်မှု ဖြစ်ပွားပြီး နာရီပိုင်းအတွင်း ၎င်းတို့၏ လူမှုကွန်ယက်တွင် ထုတ်ပြန် ကြေညာသည်။

သေနတ်ဖြင့်ပစ်ခတ်ခံရသူသည် မြစ်ငယ်ရပ်ရေကန်ဘောင်အနီးနေထိုင်သူဖြစ်ကာ အခင်းဖြစ်ပွားသည့် နေရာတွင်ပင် သေဆုံးသွားခဲ့သည်။

ကိုထိန်လင်းသည် ဆိုင်ကယ်တက္ကစီဆွဲနေပြီး မှုခင်းသတင်းအဖွဲ့တွင် ပါဝင်ကာ သတင်းပေးလုပ်နေသူဟု အများက ယုံကြည်ထားသူ ဖြစ်သည် ဟု ရေနံမြေရပ်ကွက်တွင် နေထိုင်သူ အသက် ၅၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။

“သူက ဆိုင်ကယ်တက္ကစီ ဆွဲနေပြီး စစ်တပ်နဲ့ပေါင်းပြီးတော့ လေလုံးလည်းကြီးတယ်။ နောက် သူ့ကြောင့် မြိတ် မှာ အတော်များများ အဖမ်းခံရတယ် ဆိုတာမျိုး ပြောနေကြတာလဲရှိတယ်” ဟု ပြောသည်။

မြိတ်မြို့တွင် ယခုကဲ့သို့ ပစ်ခတ်မှု ဖြစ်စဉ်မျိုးသည် စစ်အာဏာသိမ်းပြီးနောက် ပထမဆုံးသော ပစ်ခတ်ခံရမှု ဖြစ် သည်ဟု ဒေသခံများက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required