ဘူတန်-တရုတ် နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဂရုတစိုက် စောင့်ကြည့်နေဟု အိန္ဒိယ ပြော

By Latestly
20 October 2021
ဘူတန်-တရုတ် နယ်နိမိတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများကို ဂရုတစိုက် စောင့်ကြည့်နေဟု အိန္ဒိယ ပြော

ဘူတန်နှင့် တရုတ်အကြား နယ်နမိတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် အဆင့်သုံးဆင့်ပါ လမ်းပြမြေပုံတစ်ခုနှင့်ပတ်သက်ပြီး MoU တစ်ရပ် လက်မှတ်ရေးထိုးခြင်းကို မိမိတို့ သိရှိထားပြီး ဂရုတစိုက် စောင့်ကြည့်လျက် ရှိကြောင်း အိန္ဒိယက အောက်တိုဘာ ၁၄ ရက်တွင် ပြောသည်။

“ဘူတန်နှင့် တရုတ်အကြား ဒီနေ့မှာ နားလည်မှု စာချွန်လွှာ လက်မှတ်ထိုးတာကို ကျွန်တော်တို့ သိရှိမှတ်သားထားပါတယ်၊ သူတို့ဟာ ၁၉၈၄ ခုနှစ်နောက်ပိုင်း နယ်သတ်မျဥ်း ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေတယ် ဆိုတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်၊ အလားတူပဲ အိန္ဒိယအနေနဲ့လည်း တရုတ်နဲ့အကြား နယ်နိမိတ် ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုတွေ လုပ်နေပါတယ်” ဟု အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အေရင်ဒမ် ဘက်ဂ်ချီက အပတ်စဥ် ပြုလုပ်နေကျ သတင်းစာရှင်းလင်းပွဲတစ်ခုတွင် ပြောသည်။

ဘူတန်နှင့် တရုတ်တို့သည် နယ်နမိတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုများ မြန်ဆန်သွက်လက်စေရေးအတွက် အဆင့်သုံးဆင့်ပါ လမ်းပြမြေပုံတစ်ခုနှင့်ပတ်သက်ပြီး MoU တစ်ရပ်ကို အောက်တိုဘာ ၁၄ ရက်က လက်မှတ်ရေးထိုးခဲ့သည်။

ဘူတန် နိုင်ငံခြားရေးဝန်ကြီး လိုင်ယွန်ပို တန်ဒီ ဒိုဂျီ နှင့် တရုတ် နိုင်ငံခြားရေးလက်ထောက်ဝန်ကြီး ဝူကျန်းဟောင်တို့ တက်ရောက်သည့် အွန်လိုင်းအခမ်းအနားတစ်ခုတွင် အဆိုပါ နားလည်မှုစာချွန်လွှာကို လက်မှတ်ထိုးခဲ့ခြင်း ဖြစ်သည်။

အဆင့်သုံးဆင့်ပါ လမ်းပြမြေပုံတစ်ခုနှင့်ပတ်သက်သည့် MoU တစ်ရပ်က နယ်နမိတ်ဆိုင်ရာ ဆွေးနွေးမှုများကို အရှိန်အဟုန်သစ်တစ်ခု ပေးလိမ့်မည် ဖြစ်ကြောင်း ဘူတန် အစိုးရက ပြောသည်။

ဘူတန်သည် တရုတ်နှင့်အကြား ကီလိုမီတာ ၄၀၀ ရှည်သည့် နယ်နိမိတ်တစ်ခု ထိစပ်နေပြီး ယင်းနှစ်နိုင်ငံသည် ယခင်ကာလများအတွင်း နယ်နမိတ်ဆိုင်ရာ ညှိနှိုင်းဆွေးနွေးမှုအချို့ လုပ်ဆောင်ထားခဲ့ပြီးဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly