ဒီမိုကရေစီကာကွယ်ရေးတွင် ထိုင်ဝမ်က ရှေ့တန်းမှ ရပ်တည်နေဟု သမ္မဆိုင်အင်ဝမ် ပြောကြား

By SIFY
20 October 2021
ဒီမိုကရေစီကာကွယ်ရေးတွင် ထိုင်ဝမ်က ရှေ့တန်းမှ ရပ်တည်နေဟု သမ္မဆိုင်အင်ဝမ် ပြောကြား

လေကြောင်းကာကွယ်ရေးသတ်မှတ်ဇုန်အတွင်းသို့ တရုတ်၏ဆက်တိုက် ကျူးကျော်မှုများနှင့် ကြုံတွေ့နေရသည့် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ်က အာဏာရှင်အစိုးရများ၏ ကြီးထွားလာသော ခြိမ်းခြောက်မှုများကို ရင်ဆိုင်ရာတွင် ၎င်းတို့နိုင်ငံသည် ဒီမိုကရေစီအား ကာကွယ်ရာတွင် ရှေ့တန်း၌ ရပ်တည်နေသည်ဟုအောက်တိုဘာ ၁၃ တွင် ပြောကြားလိုက်သည်။

“ထိုင်ဝမ်ကအာဏာရှင်တွေရဲ့ ကြီးထွားလာတဲ့ခြိမ်းခြောက်မှုတွေကိုရင်ဆိုင်တဲ့အခါ ဒီမိုကရေစီရဲ့ ကာကွယ်ရေးရှေ့တန်းမှာရပ်တည်နေတာပါ။ ကျွန်မတို့ လက်လျှော့မှာမဟုတ်ပါဘူး။ စုပေါင်းခံနိုင်ရည်ကို မြှင့်တင်ဖို့ ကမ္ဘာတစ်ဝှမ်းကဒီမိုကရေစီမိတ်ဖက်တွေနဲ့အတူဆက်လက်လုပ်ဆောင်သွားမှာပါ” ဟု ဆိုင်အင်ဝမ်က သူမ၏တွစ်တာ၌ ရေးသားခဲ့သည်။

အစောပိုင်းကတရုတ်သည် ဩစတြေးလျဝန်ကြီးချုပ်ဟောင်းတိုနီအက်ဘော့၏ ထိုင်ဝမ်အလည်အပတ် ခရီးစဉ်ကိုအောက်တိုဘာ ၉ ရက်ကပြစ်တင်ဝေဖန်ခဲ့ကာ ပြင်းထန်သောကြေညာချက်ထုတ်ပြန်ခဲ့သည်။

ဩစတြေးလျ၏ ပြည်တွင်းရေးရာအထူးကိုယ်စားလှယ်ဖြစ်သော အက်ဘော့သည် ပြီးခဲ့သည့် သီတင်းပတ်က ထိုင်ဝမ်သို့ သွားရောက်ခဲ့ပြီး အခြားအစိုးရအရာရှိများနှင့်အတူ သမ္မတဆိုင်အင်ဝမ်ကိုတွေ့ဆုံခဲ့ပြီးနောက် ယင်းကဲ့သို့ ဝေဖန်ချက် ပေါ်ထွက်လာသည်ဟု Taiwan News ကဖော်ပြခဲ့သည်။

အက်ဘော့၏ ခရီးစဉ်အပေါ် တုံ့ပြန်သည့်အနေဖြင့် ကင်ဘာရာရှိတရုတ်သံရုံးက “တိုနီအက်ဘော့သည် မအောင်မြင်သော သနားစရာနိုင်ငံရေးသမားဖြစ်သည်” ဟုပြောဆိုကာ ၎င်းတို့ဝက်ဘ်ဆိုက်၌ ကြေညာချက်တစ်စောင် တင်ခဲ့သည်။

“ကပ်ရောဂါအကျပ်အတည်းက လွတ်လာပြီးတဲ့နောက် အာဏာရှင်အစိုးရတွေဟာ သူတို့ရဲ့ သမားရိုးကျမဟုတ်တဲ့ အခြားပုံစံဟာ ဒီမိုကရေစီစနစ်ထက် ပိုပြီး လိုက်လျောညီထွေဖြစ်တယ်ဆိုတာကို အခုပိုပြီးတော့တောင် ယုံကြည်လာကြပါတယ်။ အာဏာရှင်အစိုးရတွေကမီးခိုးရောင်ဇုန်လှုပ်ရှားမှု ၊ စစ်ရေးခြိမ်းခြောက်မှုတွေနဲ့ သတင်းအချက်အလက်ထိန်းသိမ်းတာတွေလုပ်ပြီး ဒီမိုကရေစီအဖွဲ့အစည်းတွေမှာ ကျွန်မတို့နိုင်ငံသားတွေရဲ့ ယုံကြည်ချက်ကိုဆုတ်ယုတ်လျော့ပါးအောင် နဲ့ ကျွန်မတို့လူ့အဖွဲ့အစည်းတွေကို ၂ ခြမ်းကွဲအောင် ရည်ရွယ်လုပ်ဆောင်နေတာပါ။ ထိုင်ဝမ်ကဒီခြိမ်းခြောက်မှုတွေရဲ့ ရှေ့တန်းကနေ ရပ်တည်ပြီး အဲဒီလိုနိုင်ထက်စီးနင်းပြုမှုတွေကို တိုက်ဖျက်ဖို့ ဝီရိယရှိရှိနဲ့ လုပ်ဆောင်သွားမှာပါ။ လစ်ဘရယ်ဒီမိုကရက်တစ် ကမ္ဘာရဲ့ စည်းမျဉ်းတွေကို ကာကွယ်စောင့်ရှောက်ဖို့နဲ့ အာဏာရှင်အစိုးရတွေရဲ့ မမျှော်မှန်းနိုင်တဲ့ စိန်ခေါ်မှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ စိတ်သဘောထားချင်းတူညီတဲ့ နိုင်ငံတွေနဲ့ အတွေ့အကြုံတွေ မျှဝေသွားပြီးဆက်လက်ဆောင်ရွက်သွားမှာပါ” ဟုဆိုင်အင်ဝမ်ကဗီဒီယို မိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ထိုင်ဝမ်၏လေပိုင်နက်ထဲသို့ ၄ ရက်အတွင်းတရုတ်စစ်လေယာဉ် ၁၅၀ နီးပါးကျူးကျော်ဝင်ရောက်ပြီးနောက် တရုတ်နှင့် ထိုင်ဝမ်အကြားတင်းမာမှုများမြင့်တက်နေချိန်တွင် ဆိုင်အင်ဝမ်က ယခုကဲ့သို့ မှတ်ချက်ပြုခဲ့ခြင်း ဖြစ်သည်။

တရုတ်သမ္မတရှီကျင့်ဖျင်သည် ဇွန်လ ၁ ရက်က ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်နှင့် ပြန်လည်ပေါင်းစည်းရေး ပြီးမြောက်အောင်လုပ်ဆောင်ရန် ကတိပြုခဲ့ပြီး ကျွန်းအတွက် တရားဝင်လွတ်လပ်ရေးကြိုးပမ်းမှုမှန်သမျှကို တိုက်ဖျက်သွားမည်ဟုပြောခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly