မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ အီကွေဒေါသမ္မတက အရေးပေါ်အခြေအနေ ကြေညာ

မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းဖို့ အီကွေဒေါသမ္မတက အရေးပေါ်အခြေအနေ ကြေညာ
Photo - AFP

အော်ကတိုဘာ ၁၉

အီကွေဒေါနိုင်ငံမှာ မူးယစ်ဆေးဝါးနဲ့ ဆက်နွယ်ပတ်သက်နေတဲ့ အကြမ်းဖက်မှုဖြစ်စဉ်တွေ တစ်ဟုန်ထိုး မြင့်တက်နေတာကို ကိုင်တွယ်ဖြေရှင်းဖို့အတွက် သမ္မတ ဂွီလာမို လာဆိုက အောက်တိုဘာ ၁၈ ရက်မှာ အရေးပေါ် အခြေအနေတစ်ရပ် ကြေညာခဲ့ပါတယ်။

မူးယစ်ဆေးနဲ့ ဆက်နွယ်တဲ့ ရာဇဝတ်မှုတွေကို နှိမ်နင်းတိုက်ဖျက်ဖို့အတွက် လမ်းတွေမှာ စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ထားဖို့ကိုလည်း ၎င်းက အမိန့်ထုတ်ခဲ့ပါတယ်။

“ခုချိန်ကစပြီး ကျွန်တော်တို့ရဲ့ စစ်တပ်နဲ့ ရဲတပ်ဖွဲ့တို့ဟာ လမ်းတွေမှာ အင်အားအပြည့် ရှိနေမှာ ဖြစ်တယ်၊ ဘာလို့လဲ ဆိုတော့ ကျွန်တော်တို့ဟာ နိုင်ငံတဝန်း အရေးပေါ် အခြေအနေတစ်ရပ် ထုတ်ပြန်ကြေညာထားလို့ ဖြစ်ပါတယ်” လို့ အီကွေဒေါသမ္မတက နိုင်ငံပိုင် အီကွေဒေါ တီဗွီ ချန်နယ်ကနေ ထုတ်လွှင့်တဲ့ မိန့်ခွန်းတစ်ရပ်မှာ ပြောပါတယ်။

“အီကွေဒေါနိုင်ငံက လမ်းတွေပေါ်မှာ ရန်သူက တစ်ဦးတည်း ရှိပါတယ်၊ အဲဒါကတော့ မူးယစ်ဆေး တရားမဝင် ရောင်းဝယ်မှုပဲ ဖြစ်ပါတယ်” လို့ လက်ယာယိမ်း ခေါင်းဆောင်က ပြောပါတယ်။ “မကြာသေးခင် နှစ်တွေအတွင်း အီကွေဒေါဟာ မူးယစ်ဆေး တရားမဝင် ကုန်ကူးမှုတွေ ရှိတဲ့ နိုင်ငံတစ်နိုင်ငံကနေ မူးယစ်ဆေး သုံးစွဲမှုတွေ ရှိတဲ့ နိုင်ငံအဖြစ်ပါ ကူးပြောင်း ဖြစ်ပေါ်ထားခဲ့ပါတယ်” လို့လည်း ၎င်းက ဖြည့်စွက် ပြောပါတယ်။

ဒါဟာ ယင်းနိုင်ငံဆီ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန် လာရောက်မယ့် ခရီးစဉ် မတိုင်မီ ခုလိုမျိုး ကြေညာချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကတော့ လက်တင် အမေရိက ဒီမိုကရေစီနိုင်ငံတွေကို ထောက်ခံကြောင်း ပြသဖို့နဲ့ ဆက်ဆံရေး တိုးချဲ့ဖို့အတွက် အီကွေဒေါနဲ့ ကိုလံဘီယာ နိုင်ငံတို့ဆီ လာရောက်ဖို့ ရှိနေပါတယ်။

အီကွေဒေါနိုင်ငံမှာ ပြီးခဲ့တဲ့ လတွေအတွင်း အကြမ်းဖက်မှုဖြစ်စဉ်တွေ သိသိသာသာ မြင့်တက်နေခဲ့ပြီး လူသတ်မှုပေါင်း ၁,၉၀၀ နီးပါး ရှိခဲ့တယ်လို့ အစိုးရက ပြောပြီး ယင်းကို ၂၀၂၀ ခုနှစ် တစ်နှစ်လုံးအတွင်း  ပေါ်ပေါက်ခဲ့တဲ့ ဖြစ်စဉ်အရေအတွက် ၁,၄၀၀ ခန့်နဲ့ နှိုင်းယှဉ်ကြည့်နိုင်ပါတယ်။

ရက် ၆၀ ကြာ ပြဋ္ဌာန်းသတ်မှတ်တဲ့ အရေးပေါ် အခြေအနေအောက်မှာ အစိုးရအနေနဲ့ နိုင်ငံတဝန်း အကျဉ်းထောင် ၆၅ ခုကို ကင်းလှည့်ဖို့ စစ်သားနဲ့ ရဲ အင်အား ၃,၆၀၀ ကို ဖြန့်ကျက်ခွင့်ပြုမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရဲတွေဟာ လမ်းတွေမှာလည်း ကင်းလှည့်စောင့်ကြပ်သွားမှာ ဖြစ်တယ်လို့ လာဆိုက ပြောခဲ့ပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly