ပုဂံ ဘုရားဖူးများကြောင့် တော်လှန်ရေးလုပ်ငန်းစဉ် မထိခိုက်ဟု ပုဂံ၊ ညောင်ဦး PDF ပြော

ပုဂံ ဘုရားဖူးများကြောင့် တော်လှန်ရေးလုပ်ငန်းစဉ် မထိခိုက်ဟု ပုဂံ၊ ညောင်ဦး PDF ပြော

အောက်တိုဘာ ၁၈

ပုဂံ၊ ညောင်ဦးသို့ လာရောက်သော ဘုရားဖူး ခရီးသွားများကြောင့် တော်လှန်ရေး လုပ်ငန်းစဉ်များ ထိခိုက်ခြင်း မရှိဟု ပုဂံ၊ ညောင်ဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တာဝန်ခံမောင်မောင်က ပြောသည်။

“ ပုဂံ ဘုရားဖူးတွေ လာတာကို ကျွန်တော်တို့ တော်လှန်ရေး အမြင် အနေနဲ့က ရှုံ့ချတယ်။ ဒါပေမဲ့ ဘုရားဖူးတွေလာမှ ကျွန်တော်တို့မြို့က ချောင်လည်တဲ့အတွက် လာခြင်း၊ မလာခြင်းကို ဘာမှ ပြောစရာမရှိဘူး။ နောက်တစ်ခုက အဲဒီလိုလာတဲ့ ဧည့်သည်တွေနဲ့ သူတို့နားမှာရှိတဲ့ စစ်ကောင်စီတပ်တွေကို လုံးဝ(လုံးဝ) လုပ်သွားမှာ မဟုတ်ဘူးဗျ။ သူတို့တွေ တပ်စွဲထားတာကလည်း ဘုရားတွေရဲ့ဘေးမှာ ဖြစ်နေလို့ပါ” ဟု ၎င်းက ပြောသည်။

Bagan - Nyaung Oo News Network လူမှုကွန်ရက် စာမျက်နှာတွင်မူ ဘုရားဖူး ဧည့်သည်များကြောင့် တော်လှန်ရေးလုပ်ငန်းများ စီစဉ်ရာတွင် အနှောင့်အယှက် တချို့ ဖြစ်ခဲ့ကြောင်းနှင့် ထို့အတွက် ခရီးသွားများကို ထောက်ထား ငဲ့ညာတော့မည်မဟုတ်ကြောင်း ဖော်ပြထားသည်။

အဆိုပါ ဖော်ပြချက်သည် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၏ သဘောထား မဟုတ်ကြောင်းနှင့် ၎င်းတို့အဖွဲ့သည် စေတီပုထိုးများနှင့် ခရီးသွားများ ထိခိုက်မှု မရှိစေရေး မြို့ပြ ပြောက်ကျား တော်လှန်ရေးကို သတိကြီးစွာ ဆောင်ရွက်နေသည်ဟု ပုဂံညောင်ဦး-PDF တာဝန်ခံ မောင်မောင်က ပြောသည်။

“ဒါကြောင့် လောလောဆယ် ကျွန်တော်တို့က ဒလန်တွေကို အရင်ဆုံးရှင်းသွားမယ်။ ဘုရားနဲ့ ဝေးရာက စစ်ကောင်စီတပ်တွေကို အရင်ဆုံး ရှင်းမယ်။ နောက်တာဝါတိုင်တွေကို ပစ်မှတ်ထားတယ်” ဟု ၎င်းက ပြောသည်။

ဘုရားဖူး ခရီးသွားများအနေဖြင့် စစ်ကောင်စီတပ်များနှင့် ဝေးရာတွင်သာ နေထိုင်ခြင်းဖြင့် ကူညီပေးရန်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့က တိုက်တွန်းသည်။

COVID-19 ကပ်ရောဂါ ပထမလှိုင်း စတင်ဖြစ်ပွားခဲ့သည့် ၂၀၂၀ ပြည့်နှစ် မတ်လမှ စတင်ကာ ခရီးသွား မရှိသလောက်နီးပါး ကျဆင်းသွားခဲ့သည့် ပုဂံသို့ ယခု ၂၀၂၁ ခုနှစ် စက်တင်ဘာ လကုန်ပိုင်းတွင် ဘုရားဖူးခရီးသွား အများအပြား ပြန်လည် ဝင်ရောက်လာခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly