ဘဏ္ဍာငွေ မရရှိတော့၍ အိန္ဒိယရှိ အာဖဂန်နစ္စတန်သံရုံးတွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့

ဘဏ္ဍာငွေ မရရှိတော့၍ အိန္ဒိယရှိ အာဖဂန်နစ္စတန်သံရုံးတွင် ဘဏ္ဍာရေးအကျပ်အတည်းနှင့် ကြုံတွေ့

အိန္ဒိယနိုင်ငံရှိ အာဖဂန်နစ္စတန် သံရုံးတွင် လက်ရှိအချိန်၌ ဘဏ္ဍာရေး အကျပ်ရိုက်မှုအောက်တွင် ကျရောက်နေပြီး အကြောင်းမှာ နယူးဒေလီရှိ သံတမန်မစ်ရှင်အဖွဲ့ထံ ကဘူးလ်ကနေ ဘဏ္ဍာငွေကြေးများ ထောက်ပံ့ပေးပို့မှု ရပ်စဲသွားခဲ့၍ ဖြစ်သည်။ စစ်ပွဲပဋိပက္ခဒဏ် ခံထားရသည့် အာဖဂန်နစ္စတန်နိုင်ငံတွင် တာလီဘန်တို့ သိမ်းပိုက်ထိန်းချုပ်လိုက်ပြီးနောက်ပိုင်း ယခုလို အခြေအနေများ ဖြစ်ပေါ်လာခြင်း ဖြစ်သည်။

“အိန္ဒိယနိုင်ငံမှာ ရှိတဲ့ အာဖဂန်နစ္စတန် သံရုံးဟာ ကမ္ဘာပေါ်မှာ အီရန်ပြီးရင် နိုင်ငံရဲ့ ဒုတိယအကြီးဆုံး ကောင်စစ်ဝန်ရုံး ဖြစ်ပါတယ်၊ သံရုံးဟာ လုပ်ငန်း လည်ပတ်ဖို့အတွက် ဘဏ္ဍာငွေ မရရှိတာ နှစ်လ ရှိသွားပြီ ဖြစ်ပါတယ်” ဟု အမည်မဖော်လိုသူ အဆင့်မြင့်အရာရှိ သတင်းရင်းမြစ်တစ်ဦးက ANI ကို ပြောသည်။

“ကမ္ဘာ့အကြီးဆုံး သံရုံးတွေထဲက တစ်ခု ဖြစ်တဲ့အပြင် ဒီ သံရုံးဟာ သံတမန် ၂၄ ဦးကို တာဝန်ယူ ဖြည့်ဆည်းနေရပြီး ဒါကြောင့်လည်း ဘဏ္ဍာငွေတွေ လိုနေတာ ဖြစ်ပါတယ်” ဟု ၎င်းက ထပ်လောင်း ပြောသည်။

“ကုန်ကျစရိတ် အများစုကို ကျွန်‌တော်တို့ လျှော့ချဖြတ်တောက်ထားခဲ့ပါတယ်၊ မဖြစ်မနေ လိုအပ်တဲ့ ဝန်ဆောင်မှုတွေကိုပဲ စီမံခန့်ခွဲနေတာဖြစ်ပါတယ်” ဟုလည်း ၎င်းက ပြောသည်။

ဘဏ္ဍာငွေ လိုအပ်မှုကြောင့် သံရုံးဝန်ထမ်းများကိုလည်း မလိုအပ်သည့် အသုံးစရိတ်များ လျှော့ချရန် ညွှန်ကြားထားသည်ဟု အဆိုပါ သတင်းရင်းမြစ်က ပြောသည်။

ကဘူးလ်နှင့် နယူးဒေလီအကြား အဆက်အသွယ် ထူထောင်နေခြင်း မရှိခြင်းနှင့်အတူ လက်ရှိတွင် သံတမန်ရေးဆိုင်ရာ ဆုံးဖြတ်ချက် ချမှတ်မှု အခြေအနေက သောင်မတင် ရေမကျ အခြေအနေ ဖြစ်နေသည်ဟု ၎င်းက ပြောသည်။

လက်ရှိ အခြေအနေများကြောင့် ယခု ပိုနေမြဲ ကျားနေမြဲ အခြေအနေက မရေမရာ ဖြစ်နေသည်ဟုလည်း ၎င်းက ပြောသည်။

ပြီးခဲ့သည့် သြဂုတ်လတွင် တာလီဘန်တို့သည် အာဖဂန်နစ္စတန်နိုင်ငံကို အပြည့်အဝ ထိန်းချုပ်သွားနိုင်ခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly