ဆီးရီးယားတွင် ရုရှား၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ထက်မနည်း သေဆုံးဟုဆို

ဆီးရီးယားတွင် ရုရှား၏လေကြောင်း တိုက်ခိုက်မှုကြောင့် အရပ်သား ၂၀၀ ထက်မနည်း သေဆုံးဟုဆို

လန်ဒန်၊ ဒီဇင်ဘာ ၂၃ ။          ။ ဆီးရီးယားတွင် ရုရှား၏ လေကြောင်း တိုက်ခိုက်မှုများကြောင့် အနည်းဆုံး အရပ်သား ၂၀၀ သေဆုံးခဲ့သည်ဟု မျက်မြင်များနှင့် တက်ကြွလှုပ်ရှားသူများ၏ ပြောကြားချက်ကို ကိုးကား၍ နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့(AI)၏ အစီရင်ခံစာက ဖော်ပြသည်။

စက်တင်ဘာ ၃၀ နှင့် နိုဝင်ဘာ ၂၉ ကြား နေရာငါးခုတွင် ရုရှား၏တိုက်ခိုက်မှု ၂၅ခုထက် ပိုကာ လေ့လာမှုပြုလုပ်ခဲ့သည်ဟု အစီခံစာကဆိုသည်။ လေ့လာမှုများအရ ရုရှားသည် နိုင်ငံတကာ လူသားချင်း စာနာမှုဥပဒေကို လေးစားရန် ဆိုးဆိုးဝါးဝါးပျက်ကွက်ခဲ့သည်ဟု AI ကပြောသည်။ ရုရှားကမူ အရပ်သားများသေဆုံးမှုရှိသည်ဆိုခြင်းကို အကြိမ်ကြိမ်ငြင်းဆိုထားပြီး ယင်းသို့သေဆုံးကြောင်း ပြောဆိုနေမှု များမှာ သတင်းအချက်အလက်စစ်ဆင်ရေးဟုလည်း ခေါ်ဆိုလျက်ရှိသည်။

ရုရှားသည် အိုင်အက်စ်နှင့် အခြားအုပ်စုများကို စက်တင်ဘာ ၃၀မှစ၍ လေကြောင်းတိုက်ခိုက်မှုစတင်ခဲ့ပြီး ယင်းသို့တိုက်ခိုက်ကို ပြုလုပ်ခြင်းမှာ ဆီးရီးယားသမ္မတဘာရှား အယ်လ်အာဆတ်၏ မေတ္တာရပ်ခံ ချက်ကြောင့် ရုရှားကဆိုသည်။ ထို့အပြင် မော်စကိုသည် အနောက်နိုင်ငံများက ထောက်ခံပြီး မစ္စတာအာဆတ်ကို ဆန့်ကျင်သည့် သူပုန်အုပ်စုများကိုလည်း ဗုံးကြဲနေသည်ဟု စွပ်စွဲခံနေရသည်။ ဟွမ်စ်၊ ဟာမာ၊ အစ်ဒ်လစ်၊ လာတာကီယာနှင့် အလက်ပိုတို့တွင် ရုရှား၏တိုက်ခိုက်မှုများကို လေ့လာခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

ဆရာဝန်များ၊ လူ့အခွင့်အရေးလှုပ်ရှားသူများအပါအဝင် တိုက်ခိုက်မှုများနှင့် ပတ်သက်၍ မျက်မြင် ၁၆ ဦးကို ဖုန်း သို့မဟုတ် အင်တာနက်မှ ဆက်သွယ်မေးမြန်းမှုများပြုလုပ်ခဲ့သည်ဟုလည်း AI ကပြောကြားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly