နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂၆ ဦး သေဆုံးဟု KNU ဗဟို ထုတ်ပြန်

နှစ်ပတ်အတွင်း စစ်ကောင်စီတပ်သား ၁၂၆ ဦး သေဆုံးဟု KNU ဗဟို ထုတ်ပြန်

အောက်တိုဘာ ၁၇

ကရင်အမျိုးသားအစည်းအရုံး (KNU) ထိန်းချုပ်နယ်မြေအတွင်း အောက်တိုဘာ ၁ ရက်မှ ၁၄ ရက်အထိ အကြမ်းဖက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ နှင့် ဒေသခံ ကာကွယ်ရေးတပ်များအကြား တိုက်ပွဲပေါင်း ၉၂ ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဘက်မှ ၁၂၆ ဦး သေဆုံးခဲ့ကြောင်း ကရင် အမျိုးသား အစည်းအရုံး (KNU) ဗဟိုက ထုတ်ပြန်သည်။

ယနေ့ အောက်တိုဘာ ၁၆ ရက် ရက်စွဲဖြင့် လူမှုကွန်ရက်စာမျက်နှာမှ တစ်ဆင့် သတင်းထုတ်ပြန်ခဲ့ ခြင်း ဖြစ်သည်။

ဖြစ်ပွားခဲ့သည့် တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ G1 အဆင့်ရှိသူ တစ်ဦး ၊ တပ်ခွဲမှူး အဆင့်ရှိသူ တစ်ဦး ၊ ဒု-ဗိုလ် အဆင့်ရှိသူ နှစ်ဦး နှင့် ဗိုလ်အဆင့်ရှိသူ တစ်ဦး အပါအဝင် ၁၂၆ ဦး သေဆုံးကာ ၁၁၄ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ကရင်အမျိုးသားအစည်းအရုံး ထိန်းချုပ်ရာ နယ်မြေများ ဖြစ်ကြသည့် ဒူးသထူ (သထုံ) ခရိုင် တပ်မဟာ(၁) ၊ တောင်ငူခရိုင် တပ်မဟာ (၂) ၊ မူတြော်ခရိုင် တပ်မဟာ (၅) နှင့် ဒူးပလာယာခရိုင် တပ်မဟာ (၆) နယ်မြေများတွင် တိုက်ပွဲများ ဖြစ်ပွားခဲ့သည်ဟု ပါရှိသည်။

“မူတြော်ခရိုင် တပ်မဟာ (၅) နယ်မြေ အတွင်း တိုက်ပွဲပေါင်း ၆၂ ကြိမ်ဖြင့် အများဆုံး ဖြစ်ပွားခဲ့ပြီး အာဏာသိမ်း စစ်ကောင်စီတပ်မှ ဗိုလ်အဆင့်ရှိသူ တစ်ဦးနှင့် ဒုဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် စုစုပေါင်း ၄၈ ဦး သေဆုံးပြီး ၅၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း " KNU က ဆိုထားသည်။

ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် (KNLA) ဘက်မှ နှစ်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သည်ဟု KNU ဘက်က ဆိုသည်။

လက်ရှိတွင် အကြမ်းဖက် စစ်ကောင်စီတပ်များ နှင့် KNU ထိန်းချုပ်နယ်မြေများ အတွင်း နေ့စဉ်နီးပါး တိုက်ပွဲများ ဖြစ်လျက် ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly